ဒီးမော့ဆိုနယ်ထဲ စစ်ကောင်စီစစ်ကြောင်းထိုး၊ တိုက်ပွဲများ ဆက်ဖြစ်‌နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။

ကရင်နီပြည်နယ်ထဲ စစ်ကောင်စီ က ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒီးမော့ဆို တဝိုက်တွင် ဇန္နဝါရီလ ၂ ရက်နေ့ အထိ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဒေသခံများနှင့် KNDF တပ်ဖွဲ့ဝင်များက ပြောသည်။

ဇန္နဝါရီလ ၁ ရက်နေ့နှင့် ဇန္နဝါရီလ ၂ ရက်နေ့ နှစ်ရက်ဆက်တိုက် ဒီးမော့ဆို မြို့မရဲစခန်းအနီးတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီးမော့ဆို မြို့မရဲစခန်းနားမှာပါ။ စစ်ကောင်စီက စစ်ကြောင်းထိုးတာ။ မနေ့ညကတည်းက စစ်ကြောင်းထိုး တာ။ ကျနော်တို့ ရှိနေတဲ့ နေရာကို စစ်ကြောင်းထိုးတာ။ စစ်ကြောင်းမထိုးရင် စစ်ပွဲဖြစ်စရာ အကြောင်းမရှိဘူး။ ဟိုး ၃၀ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲ မကျေနပ်လို့ ထပ်ထိုးတဲ့သဘောထင်တယ်။ အဲ့ကြောင့်မို့ တိုက်ပွဲဆက်ဖြစ်တာ လေ။”

ဇန္နဝါရီလ ၁ ရက်နေ့က ဒီးမော့ဆို၊ မြို့မရဲစခန်းကပ်ရပ်၊ ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ် များကို PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အတူ KNDF နှင့် ကရင်နီတပ်မတော် KA တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီတပ်သား ၅ ယောက်ပွဲချင်းပြီးသေဆုံးသွားသည်ဟု KNDF က ပြောသည်။

ဒီဇင်ဘာလ လကုန်ရက်များမှစတင်၍ ဇန္နဝါရီလ လဆန်း ၂ ရက်နေ့အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု အယောက် ၃၀ ခန့်ရှိပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ယောက် လက် နက်ကြီးကျည်ထိပြီး သေဆုံးသွားသည်ဟု သိရသည်။

“တိုက်ပွဲက သုံးရက်လောက် ဆက်ပြီပေါ့နော်။ ဒီးမော့ဆို၊ ငွေတောင်ဆည်နားတဝိုက်မှာပဲ ကျနော်တို့ တပ်နဲ့ PDF တချို့နဲ့ KA တပ်နဲ့ ပူးပေါင်းတိုက်တော့ စစ်ကောင်စီနဲ့ တိုက်ပွဲဆိုရင်တော့ သုံးရက်မြောက်နေ့ပေါ့ ဒီနေ့နဲ့ ဆို။ ဒီနေ့ကိစ္စတော့ အသေးစိတ်မသိရသေးဘူး။ ရှေ့နှစ်ရက်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ထိခိုက်မှု အခြေ အနေက ဒဏ်ရာရော အသေအပျောက်ရော အယောက် ၃၀ လောက်ရှိတယ်။ ကျနော်တို့ ဘက်မှာက ရဲဘော် တစ်ယောက် ဆေးကုနေရင်းနဲ့ လက်နက်ကြီးထိတဲ့တစ်ယောက် ကျတာ ရှိပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲတွေ အခြေအနေမှာပေါ့” ဟု ယခုရက်ပိုင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ KNDF တာဝန်ရှိသူက ပြော သည်။

ယခုရက်ပိုင်း ကရင်နီပြည်နယ်ထဲက တိုက်ပွဲများတွင် စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်ဆင်မှုများအပြင် လေ ကြောင်းကနေ ဝေဟင်ထိုးစစ်များနှင့်လည်း တိုက်ခိုက်နေသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့က တရက်လုံးနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နှင့် ရဟတ် ယာဉ် ၃ စီးဖြင့် လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့သည်။

“စစ်ကောင်စီက စစ်မြေပြင်မှာ ကရင်နီပြည်နယ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ တိုက်ပွဲပေါင်း ၁၀၀ ကျော်လောက်မှာ အမြဲတမ်း စစ်ကောင်စီက အထိနာမှု သက်သက်ပါပဲ။ ဟိုရက်က လေယာဉ်နဲ့ လာတဲ့ပွဲက တော်တော်ကို အထိနာ လို့ပဲ၊ မြေပြင်မှာ မနိုင်လို့ ဝေဟင်မှာပါ သုံးတဲ့အခြေအနေထိ ရောက်တယ်ပေါ့လေ။ ဒါက ရှင်းရှင်းလေးပါပဲ။ အထိနာလို့ ဘယ်လိုမှ မနိုင်တော့လို့ လေယာဉ်နဲ့သုံးတာပါ။ အဖြေက ရှင်းရှင်းလေးပါပဲ” ဟု KNDF ပြောရေးဆို ခွင့်ရှိသူ တစ်ဦးက ဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က အထိနာနေသည့်အတွက် တိုက်လေယာဥ်၊ ရဟတ်ယာဥ်များနှင့် လေ ကြောင်းမှ ပစ်ကူတိုက်ခိုက်နေရခြင်းဖြစ်သည်ဟု KNDF က ဆိုသည်။

ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသည့် စစ် ကောင်စီစစ်တပ်များကို ကရင်နီတပ်မတော် (KA)၊ (KNDF) နှင့် PDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြ သည်။

ငွေတောင်ဆည် ဘောင်အနီးရှိ ပြည်အောင် ရတနာဆီဆိုင် အဆောက်အဦကို ကရင်နီပူးပေါင်းတပ်များ က ပိတ် ဆို့တိုက်ခိုက်ခဲ့သည့်အတွက် စကစဘက်က အယောက် ၃၀ ခန့် ထိခိုက်ကျဆုံးမှု ရှိနိုင်သည်ဟု KNDF က ပြော သည်။

စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့ က ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ဆေးကုသနေရင်း သေဆုံးသွားခဲ့သည်။ ထို့အပြင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲများသည် ဒီးမော့ဆိုမြို့နယ်၊ ထီးပွင့်ကန်နားတွင်လည်း ဖြစ်ပွားခဲ့သည်ဟု KNDF က ဆိုသည်။

ထို့အပြင် ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောကျေးရွာအနီးတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က တိုက် ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲသည် ၃ နာရီ နီးပါးကြာမြင့်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က (၃) ဦးသေဆုံးခဲ့သည်ဟု KNDF က ဆို သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ မှ ဇန္နဝါရီလ ၂ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက်ရှိရာ ဒီးမော့ဆို၊ လွိုင် ကော်၊ ဖရူဆိုမြို့နယ်များထဲ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးအရှိန် မြင့်လာမည့် အခြေအနေများကြောင့် ပြည် သူများအနေဖြင့် ခရီးသွားလာခြင်းများ မလုပ်ကြဖို့ KNDF က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNDF