ကံမတွင် စေတနာ့ဝန်ထမ်းတစ်ဦးအား စစ်ကောင်စီ တပ်ဖွဲများ ဖမ်းဆီးသော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
မကွေးတိုင်း၊ ကံမမြို့က ပရဟိတလုပ်သမား၊ စေတနာ့ဝန်ထမ်း တစ်ဦးကို ဇန္နဝါရီလ ၆ ရက်နေ့၊ ညက ကံမမြို့ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားသည် ဟု ဒေသခံများ က ပြောသည်။
ကိုကျော်ထက်ခိုင် ကို ဖမ်းဆီးစဉ်က လက်ကိုင်ဖုန်း၊ Laptop ကွန်ပြူတာ၊ အပျော်တမ်းဓာတ်ပုံရိုက်သည့် ဒရုန်းက အစ သိမ်းဆည်း သွားပြီး ယနေ့အချိန်ထိ မည်သည့်ကိစ္စ အကြောင်းအရာကြောင့် ဖမ်းဆီးသွားသည်ကို ပြောဆိုခြင်း မရှိဘူးဟု ၎င်းနှင့် နီးစပ်သူများ က ပြောသည်။
”သူက ကိုဗစ်မှာလည်း ထဲထဲဝင်ဝင် ကူညီခဲ့သူ။ ပရဟိတသမားအစစ်ပါ။ ဘာကြောင့် ဖမ်းတယ်ထင်သလဲ ဆိုရင် NLD အစိုးရ လက်ထက်ကဖွဲ့တဲ့ လူငယ်ကွန်ယက်မှာတော့ မြို့နယ်ခေါင်းဆောင်ဘဲ။ တိုင်းအဆင့်ဝင်လားတော့ မသိဘူး။ အဲ့ဒါဘဲ ပြောစရာရှိတယ်” ဟု အသက် ၄၀ နှစ်အရွယ် ကံမမြို့ပေါ် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။
ကံမမြို့နယ်မှာ ဇန္နဝါရီလ ၃ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့မြင်ရာ လူငယ်မှန်သမျှ ဖမ်းဆီးခံနေ ကြရပြီး တစ်အိမ်တည်း တစ်မိသားစုတည်းမှ ညီအကိုများ၊ ဦးလေးနှင့်တူများ ဖမ်းခံရသည်များလည်း ရှိနေသည် ဟု ကံမမြို့ခံများက ပြောသည်။
”ပြီးခဲ့တဲ့ရက်က ဖုန်းဆိုင်က ကိုကျော်မျိုး ဦးမွတ်ဆလင်ပေါ့ သူတို့ညီအစ်ကို နှစ်ယောက်လည်း အသလွတ် အဖမ်းခံရတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။
လတ်တလော ဖမ်းဆီးခံထားရသူပေါင်း အယောက် ၄၀ နီးပါး ရှိနေပြီဟု သိရပြီး ပြည်သူ အချင်းချင်းရန်တိုက် ပေးသည့် အနေဖြင့် ရပ်ရွာကာကွယ်ရေးအဖွဲ့ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်သင်တန်းပေးမှုများ လည်း ရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။