Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး အရပ်သား ၁၂ ဦးကို ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းရှိ Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံပြီးနောက် ဇန္နဝါရီလ ၇ ရက်နေ့က ဆိုင်ကယ် စီးလာသည့် လူငယ် ၄ ဦး အပါအဝင် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။
ဇန္နဝါရီလ ၆ ရက်နေ့၊ ည ၁၂ နာရီအချိန်ခန့်က ရေလဲကလေးကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာရှိ ဖုန်းတာဝါတိုင် ဖောက်ခွဲ ဖျက်ဆီးခံရပြီး နောက်တစ်ရက်နံနက်ပိုင်း လင်းအားကြီးချိန်တွင် ဆိုင်ကယ် ၂ စီး နှင့် လူငယ် ၄ ဦးကို ရေလဲလေးကျေးရွာအနီး လမ်းပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ဒေသခံ အချို့က ပြောသည်။
“ရေလဲလေး ဘက်ကနေ ဘုရားကုန်းဘက်ကို မောင်းလာတဲ့ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ယောက်ကို တားပြီး ဖမ်းသွားတာပါ” ဟု ဒေသခံတစ်ဦး က ပြောသည်။
မက်လောင်ကျေးရွာက ရွာသား သား ၄ ဦး နှင့် ဘုရားကုန်းကျေးရွာက ရွာသား ၄ ဦးတို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာထဲကို ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဒေသခံများက ဆက်ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် Mytel ဖုန်းတာဝါတိုင် အောက်ခြေရှိ ဆက်သွယ်ရေးစက်များ၊ ဝါယာကြိုးများ ပျက်စီးသွား သည်ဟု ရေလဲလေးကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့ထံမှ သိရသည်။
ဧရာဝတီနယ်လှည့် မြို့ပြ ပြောက်ကြားအဖွဲ့က ထို ဖောက်ခွဲဖျက်စီးမှုကို လူထိခိုက်မှု မရှိအောင် ဆောင်ရွက် နိုင်ခဲ့ ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
“မအူပင်မှာက ပေါက်ကွဲမှုတွေဖြစ်တိုင်း၊ ပစ်ခတ်မှုဖြစ်တိုင်း၊ ဒလန်သုတ်သင်တာဖြစ်တိုင်း မသင်္ကာသူ ဆိုပြီး ရဲနဲ့ စစ်တပ်က မြင်ရာတွေ့ရာ ဖမ်းနေကြတာ” ဟု မြို့ခံ ကိုဇော်လေး က ပြောသည်။
မအူပင်မြို့နယ်တွင် ခရိုင်ရဲမှူး အိမ်ရှေ့၊ စစ်ကောင်စီတပ် မြို့အဝင် ကင်းပုန်းဝပ်သည့် နေရာ၊ မအူပင်တံတားထိပ်၊ လျှပ်စစ်မီတာရုံးအနီး နှင့် မိုင်တဲဖုန်းတာဝါတိုင်တို့ ဗုံးခွဲဖျက်ဆီးခံရခြင်း ဖြစ်သည်။
ထိုသို့ မကြာခဏဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှုများကြောင့် မသင်္ကာမှုဖြင့် အဖမ်းခံရသူလည်း လူဦးရေ အယောက် ၆၀ ခန့်ရှိပြီဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။