မင်းဘူး-အမ်း တောင်ကြားလမ်းတွင် စစ်ကောင်စီ ကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
မကွေးတိုင်း၊ မင်းဘူး-အမ်းတောင်ကြားလမ်းတွင် စစ်ကောင်စီ၏ ကားသုံးစီး ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခံရသည်ဟု မင်းလှ PDF က ပြောသည်။
ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် စက်စီကျေးရွာကြားတွင် စစ်ကောင်စီ၏ ကားသုံးစီးကို ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု မင်းလှ PDF က သတင်းထုတ်ပြန်ထားသည်။
မိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ကားပေါ်မှ လွှင့်သွားပြီး ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးဘူးဟု မျက်မြင်တွေ့သူ တစ်ဦးက ပြောသည်။
“လောလောဆယ် အသေအပျောက် စာရင်းတော့ အတည်ပြုနေဆဲပဲ။ ထိတာတော့ အပီအပြင်ထိသွားပဲ” ဟု ပြောသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့၊ မွန်းလွှဲ ၂နာရီခွဲ အချိန်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကား ၃ စီး အနက် နောက်ဆုံး ကားတစ်စီးကို အမိအရ မိုင်းထိစေခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ကားပေါ်မှ လွှင့်သွားသည်ဟု မင်းလှ PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင်လည်း မင်းလှမြို့နယ် လယ်လှကျေးရွာနှင့် ဒီးဒုတ်ကန် ကျေးရွာကြားတွင် မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု မင်းလှ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမ်းတောင်ကြားလမ်းသည့် အမ်းမြို့နှင့် မင်းဘူးမြို့ကို ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့် မကွေးတိုင်း မင်းဘူးခရိုင် ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသည့် လမ်းတစ်လမ်း ဖြစ်သည်။