ပုသိမ် မြို့ဝင် ရဲကင်း ဗုံးကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
ပုသိမ်မြို့အဝင် တိုင်းအစိုးရ ဝန်ကြီးများ အိမ်ယာ၏ လမ်း တစ် ဘက်ရှိ ယာဥ်ထိန်းရဲကင်းရုံး ဇန္နဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့သည်။
ဗုံးပေါက်ကွဲရာ တက္ကသိုလ် လမ်းဆုံ၊ ရုပ်ထုကြီး အဝိုင်းသည် တိုင်းအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အထူးသဖြင့် စစ်တိုင်းမှူးနှင့် စစ်ကောင်စီခန့် ဝန်ကြီး များ မြို့ထဲရှိ စစ်ကောင်စီရုံးသို့ သွားလာရာ လမ်းဆုံတွင်ဖြစ်၍ လုံခြုံရေး အထူး တင်းကြပ်သည့် နေရာလည်း ဖြစ်ဟု ဒေသခံများက ပြောသည်။
“အုန်း ဆိုတဲ့ အသံက အတော်ကျယ်တယ်။ နားတောင် အူသွားတယ်။ လှမ်းကြည့်လိုက်တော့ ရဲတွေ၊ မော်တော် ပီကယ်တွေနဲ့ စစ်သားတချို့က လမ်းတစ်ဘက်ကို ပြေးလာတာတွေ့ ရတယ်” ဟု ယင်းဖြစ်စဥ်အနီး မီနီမတ်ကက် တစ်ခုတွင် စျေးဝယ်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
ယာဥ်ထိန်းရုံး အနောက်ဘက်၌ ကပ်လျှက်ရှိသည့် သစ်ပင်၏ အောက်ခြေတွင် မြုပ်ထားသည့် အသံမိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ရှင်းလင်းချိန်တွင် ကီးပက်ဖုန်းဖြင့် ပြုလုပ်ထားသည့် မိုင်းတစ်လုံး ထပ်မံ တွေ့ရှိရကြောင်း စစ်ကောင်စီ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းဆုံ လေးဘက်လေးတန်ကို ပိတ်ဆို့ စစ်ဆေးပြီး ပုသိမ်တက္ကသိုလ် အနီး ပုဂ္ဂလိ က ဘော်ဒါဆောင်များ၊ ရွှေဝတ်မှုံ အိမ်ယာ ၁ နှင့် ၂ အပြင် ကင်မလင်း ကျွန်းလမ်းဆုံတို့ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။
ပုသိမ်မြို့ခံ ဦးကြည်အေး က “အဲ့ဒီလို ဖြစ်ရင် စစ်တပ်နဲ့ရဲက လမ်းပိတ်စစ်မယ်။ ကြွက်မနိုင် ကျီမီးရှို့၊ မြင်ရာ တွေ့ရာသူတွေကို ဖမ်းကြလိမ့်မယ်” ဟု ပြောသည်။
ပုသိမ်မြို့နယ်တွင် ဒလန်သုတ်သင်ရှင်းလင်းခံရမှု၊ Mytel ဖုန်း တာဝါတိုင် မိုင်းခွဲခံရမှု၊ စစ်ကောင်စီခန့် ဝန်ကြီးများ ၏ ယာဥ်တန်း၊ ရဲစခန်း၊ စစ်တပ် ကင်းစခန်း နှင့် ယာဥ်ထိန်းရဲရုံး တိုက်ခံရမှုများ စစ်တပ်က အာဏာသိမ်းနောက် မကြာခဏ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူများအနက် အယောက် ၈၀ ကျော်လည်း ယနေ့အချိန်ထိ ပြန်မလွတ်လာသေးဘူးဟု ဒေသအတွင်းက လူအခွင့်အရေးတက်ကြွလှုပ် ရှားသူများ၏ ပြောပြ ချက်အရ သိရသည်။
ဓါတ်ပုံ – ဗုံးပေါက်ကွဲမှုကြောင့် ရွှေဝတ်မှုံ လမ်းဆုံအနီး ပိတ်ဆို့စစ်ဆေးစဥ်