စစ်သားများ ရမ်းသန်း ပစ်ခတ်မှုကြောင့် မတ္တရာတွင် သားအမိနှစ်ဦး သေနတ်မှန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
စစ်ကောင်စီ၏ ယာဉ်တန်းတစ်ခု မန္တလေးတိုင်း မတ္တရာမြို့အနီး မိုင်းဆွဲခံရပြီးနောက် စစ်သားများက ပြန်လည် ရမ်းသန်း ပစ်ခတ်သောကြောင့် သားအမိနှစ်ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မတ္တရာမြို့ သပြေပင်ကုန်းကျေးရွာနှင့် မြောင်းသစ်ကျေးရွာကြားတွင် ပဒေသာ မိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်သားများက လမ်းတစ်လျှေက်တွင် ရမ်းသမ်းပစ်ခတ်မူကြောင့် ဘိုကုန်းကျေးရွာမှ မိခင်ဖြစ်သူနှင့် သားတို့ ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
“ကလေးကတော့ လည်ပင်းထိမှန်သွားတာ။ ကိုးတန်းကျောင်းသား၊ သူ့အမေကတော့ ကျောထိမှန်တာ ဒဏ်ရာ က တော်တော်ပြင်းတယ်” ဟု ဘိုကုန်းရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး က ပြောသည်။
လွတ်မြောက်ရေး တိုက်ပွဲဝင် ပျောက်ကြားတပ်များက ဇန္နဝါရီလ ၁၇ ရက်နေ့၊ မွန်းလွှဲ ၁ နာရီ အချိန်ခန့်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သေနတ်ထိမှန်သွားသည့် မိခင်ဖြစ်သူ ဒေါ်စန္ဒာ အသက် ၅၀ နှင့် သား မောင်ဇင်မင်းဦး အသက် ၁၄ နှစ်တို့မှာ အသက်အန္တရာယ်စိုးရိမ်ရပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးကို ခေါ်သွား သည်ဟု သိရသည်။
စစ်ကား ၉ စီး သည် မိုးကုတ်-မန္တလေးလမ်း အတိုင်း သပိတ်ကျင်း၊ စဉ့်ကူး ဘက်မှ လာခြင်း ဖြစ်ပြီး မတ္တရာမြို့ အထွက်တွင် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရမှု အများအပြားရှိနိုင်သည်ဟု လည်း ဒေသခံများက ဆိုသည်။