ကပစ ၁၄ သို့ သွယ်တန်းထားသည့် ဓါတ်အားပေးတိုင်ကို ဗုံးခွဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။
မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်းမှာရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် ၁၄ ကို သွယ်တန်းထား သည့် လျှပ် စစ်ဓာတ်အားလိုင်းတိုင်ကို ငဖဲ Triangle 3T PDF အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။
ဇန္နဝါရီလ ၂၂ ရက်နေ့၊ ည ၈ နာရီကျော် အချိန်က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ငဖဲ Triangle 3T PDF အဖွဲ့က ထုတ်ပြန်ထားသည်။
”စစ်ပစ္စည်းတွေ ထုတ်လုပ်မှု ရပ်ဆိုင်းအောင် ရည်ရွယ်တာပါ။ အဓိကတော့ အဲ့စက်ရုံက ကျည်ထုတ်တဲ့ စက်ရုံလို့ သိထားတယ်။ အထိအခိုက် အခြေအနေကတော့ မသိရသေးဘူး။ ကျနော်တို့အဖွဲ့ကတော့ လုံခြုံရာကို ရောက်နေ ပြီ” ဟု Triangle 3T PDF အဖွဲ့ဝင် တစ်ဦး က ပြောသည်။
ထို့အပြင် Triangle 3T PDF သည် ဇန္နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်တွင်လည်း အမြောက် စခန်းကွပ်ကဲ ရေးဌာနချုပ် မစခ ၉၀၅ အမြောက်တပ်ကို အဝေးပစ် စိန်ပြောင်းလက်နက်ကြီးနှင့် နှစ်ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ သည်ဟုလည်း အဖွဲ့က ထုတ်ပြန်ထားသည်။
ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် ၁၄ သည် မကွေးတိုင်း စေတုတ္ထရာ ငဖဲမြို့နယ်တွင်း ရှိပြီး ကပစ ၉ စက်ရုံနှင့် ဆက်နွယ်မှုရှိကာ လက်နက်ငယ်ကျည်ဆန်များ ထုတ်သည့် စက်ရုံဖြစ်သည်ဟု သိရသည်။
ယင်းစက်ရုံကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်း စစ်သည် အင်အား ၄၀၀ ခန့်ရှိသည့် စက်ရုံဖြစ် သည်။
ဇန္နဝါရီလ ၁၀ ရက်နေ့ကလည်း ငဖဲမြို့နယ် အမ်းတောင်ကြားလမ်းတွင် ထောက်ပို့စစ်ကားကို Triangle 3T PDF သည် မင်းလှ PDF အဖွဲ့နှင့် ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ မိုင်းဆွဲတိုက်ခိုင်စဉ် ကားပေါ်မှ
စစ်သား ၃ ဦး လွှင့်စင်ကျသွားခဲ့သည်ဟု သိရသည်။