အသံတိတ်၊ အသံထွက် မဆန့်ကျင်ရန် ဧရာဝတီတိုင်းတွင် စစ်ကောင်စီ လိုက်လံ ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။
စစ်တပ် အာဏာသိမ်းသည့် တစ်နှစ်ပြည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် အသံတိတ် သပိတ် မပြုလုပ်ရန် ဧရာဝတီတိုင်းအတွင်းရှိ မြို့များကို ဇန္နဝါရီလ ၂၅ ရက်နေ့ ညက လိုက်လံ သတိပေး ကြေညာနေသည်ဟု သိရသည်။
အသံတိတ် သပိတ်ပြုလုပ်ပါက နိုင်ငံတော်ပုန်ကန်မှု ဥပဒေ အပါအဝင် အခြားပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆို ဆောင်ရွက်မည်ဟု အသံချဲ့ စက်ဖြင့် ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့သည်ဟု ဒေသခံများက ပြော သည်။
မအူပင်မြို့ခံ ဒေါ် ကြီးစန်းက “အသံတိတ်လည်း ဖမ်းမယ်။ အသံထွက်လည်းဖမ်းမယ်လို့ ပြောနေကြတယ်။ ဘယ်လိုလုပ်ပြီး ဘယ်လိုနေရမယ် မှန်း မသိတော့ဘူး” ဟု ပြောသည်။
အသံမထွက် တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်သူများကို အရေးယူမည် ဖြစ်သလို အသံထွက်၍ လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း ပြုလုပ်သူများကိုလည်း အရေးယူမည်ဟု မြို့နယ် စစ်ကောင်စီအဖွဲ့က ထပ်ဆင့် ကြေညာထားသည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
ထို့အပြင် မြို့နယ်များရှိ စစ်ကောင်စီများက ထိုနေ့တွင် ဖွင့်လှစ်ခြင်း မပြုသည့် ဈေးဆိုင်များနှင့် စားသောက်ဆိုင် များ အားလုံးကိုလည်း အရေးယူမည်ဟု ခြိမ်းခြောက်သတိပေး ထားသည်ဟု သိရသည်။
အသံတိတ်သပိတ် ပါဝင်ဆင်နွဲသူများကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅-က၊ နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ၁၂၄-က၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-ကနှင့် အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃-က စ သည့် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ဇန္နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြပါရှိသည်။
“စစ်တပ် အာဏာသိမ်းတာကို လက်မခံဘူးဆိုတာ ညီညွတ်မှု ပုံဏ္ဍာန် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတော့ စစ်ကောင်စီက အသံတိတ်လည်း ကြောက်တယ်။ အသံထွက်လည်း ကြောက်နေတယ်။ အရူးမီးဝိုင်း နေသလို ပေါ့” ဟု မြောင်းမြမြို့က ၈၈ မျိုးဆက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိတ်ဆိတ်ခြင်း အသံတိတ်သပိတ်များကို မြန်မာနိုင်ငံဒေသ အသီးသီး တွင် ပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများက ပြည်သူလူထုကို တိုက်တွန်းထားသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကပြုလုပ်သည့် နှစ်ငါးလုံး ပြည်လုံးကျွတ် သပိတ် လူထုဆန္ဒဖော်ထုတ်ပွဲ နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ကလည်း အသံ တိတ်သပိတ် ဆန္ဒဖော်ထုတ်မှုတွင် ဧရာဝတီတိုင်းက တိုင်းလုံးကျွတ် ပါဝင်ခဲ့ကြသည်။
ဓါတ်ပုံ – ဒီဇင်ဘာ ၁၀ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ ဧရာဝတီတိုင်းလုံးကျွတ် တိတ်ဆိတ်ခြင်း သပိတ်လုပ်သည့် မြင်ကွင်း