NLD ပါတီဝင် တစ်ဦးကို ပျူစေထီး အဖွဲ့ ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲက NLD ပါတီဝင် တစ်ဦးကို ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်လိုက် သည်ဟု ရွာသားများက ပြောသည်။
ရေဖြူဖြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ကျေးရွာတွင် အသက် ၅၀ နှစ် အရွယ် NLD ပါတီဝင် ဦးကျော်ဝင်းကို ပျူ စောထီးအဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရပြီး ဇန္နဝါရီလ ၂၇ ရက်နေ့တွင်ပင် အသတ်ခံ လိုက်ရခြင်း ဖြစ်သည်။
“သူက ပါတီဝင်ဆိုပေမယ့် ဥယျာဉ်မှာပဲ လုပ်နေတဲ့သူပါ။ PDF တွေနဲ့ အဆက်အသွယ်ရှိတယ် စွပ်စွဲပြီး သတ် လိုက်တာလို့ ကြားရတယ်” ဟု ဆွေမျိုးတော်စပ်သူ အသက် ၃၅ နှစ် အရွယ် ရွာသားတစ်ဦးက ပြောသည်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ နံနက် ၈ နာရီ ဝန်းကျင် အချိန်ခန့်က ဦးကျော်ဝင်းကို ၎င်း၏ ဥယျာဉ်ခြံအတွင်း အပင်များ ရေလောင်းနေစဉ် နဘူးလယ်ပျူစောထီး ၁၅ ဦးခန့်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီဝက်ခန့်အကြာတွင် သေနတ်သံ ၃ ချက် ကြားရပြီးနောက် လိုက်လံရှာဖွေကြရာ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဥယျာဉ်ခြံ နှင့် တစ်မိုင်ခန့် အကွာ တောစပ်တွင် ဦးကျော်ဝင်း၏ အလောင်းကိုတွေ့ရှိခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း ထိုပျူစောထီးအဖွဲ့များက ဦးကျော်ဝင်း၏ ဥယျာဉ်ခြံအတွင်းမှာပင် ဆိုင်ကယ်နှင့် ဖုန်းကို လာရောက် သိမ်းယူသွားခဲ့သေးသည်ဟု သိရသည်။
အသတ်ခံရသူ ဦးကျော်ဝင်းသည် ဥယျာဉ်ခြံစိုက်ပျိုး လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ခါးနာဝေဒနာ နှစ်ရှည် ခံစားနေရသူလည်း ဖြစ်သည်ဟုသိရသည်။
ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ရာ သားသမီးများမှာ ၁၃နှစ်အရွယ်သမီးတစ်ဦး၊ ၉ နှစ် အရွယ် သားတစ်ဦးနှင့် အငယ်ဆုံး သားလေးမှာ လသားအရွယ်သာ ရှိသေးသည်ဟု သိရသည်။
အခင်းဖြစ်ပြီးနောက် နေ့လည်ပိုင်းတွင် ရေဖြူရဲတပ်ဖွဲ့မှ အလောင်းအား ရေဖြူတိုက်နယ်ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရှိရသည်။