မအူပင်တွင် ရဲစခန်း ၃ ခု ဗုံးခွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အတွင်း စစ်တပ်ထောက်ခံပွဲကျင်းပနေချိန် လုံခြုံရေးများ တင်းကြပ်ထားသည့် ကြားမှ ရဲစခန်း ၃ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်း က ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရသည်။
မအူပင်မြို့တွင် တပ်ထောက်ခံပွဲ ပြုလုပ်နေချိန် နံနက် ၁၀ နာရီဝန်းကျင်က မအူပင်ခရိုင် ရဲတပ်ဖွဲ့လိုင်းခန်း အနီး တွင် တစ်နေရာ၊ မလက်တို ရဲစခန်း နှင့် ခတ္တိယရဲကင်းစခန်း စစ်ဆေးရေးဂိတ်တို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည် ဟု ဒေသခံများ ထံကသိရသည်။
“တပ်ထောက်ခံပွဲလုပ်နေချိန် လုံခြုံရေးတွေ နေရာအနှံ့ တင်းကြပ်ထားတဲ့ကြားက နေရာ ၃ ခုမှာ ဆက်တိုက် ပေါက်ကွဲတော့ မအူပင်မြို့ကို ဝင်စီးပြီထင်တာ” ဟု ဒေသခံ ကိုကျော်ကျော် က ပြောသည်။
ခရိုင်ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း ပေါက်ကွဲမှုတွင် ထိခိုက်မှု မရှိခဲ့သော်လည်း မြို့အဝင် ခတ္တိယ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုတွင် ရဲ ၁ ဦး သေဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ရဲ တပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။
ရဲစခန်းကို တိုက်ခိုက်သူများသည် ယခင်ကဲ့သို့ သာမန်ဗုံးခွဲခြင်း မဟုတ်ဘဲ ပစ်မှတ် ၃ ခုကို အချိန်နေရာ သတ်မှတ် ၍ တစ်ပြိုင်တည်း အလစ်အငိုက်ဖမ်း၍ ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု စစ်ရေး နိုင်ငံရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပြုပြောကြား သည်။
ထို့အပြင် မလက်တို ရဲစခန်းတွင် ဗုံးပေါက်ကွဲချိန် ယင်းရဲစခန်း အပိုင်ရှိ လက်ပံကုန်းရွာသို့ ရောက်နေသည့် နယ် ထိန်း အောင်စည်မင်း ခေါ် ကြည်လွင်ဦး အား အမည်မသိ လက်နက်ကိုင်ဆောင်ထားသူက နားထင်ကို သေနတ် ဖြင့် ပစ်သတ်လိုက်သည်ဟု သိရသည်။
“နယ်ထိန်းကတော့ ဒီနယ်ဘက်မှာ အတော် ဆိုးဆိုးထဲကပါ။ နားထင်ကို တေ့ပစ်ခံရတယ် ထင်တယ်။ ခေါင်းပွင့် ထွက်သွားတယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်။
ယခုခါ စစ်ကောင်စီ၏ မအူပင်မြို့ အထိုင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ အလှည့်ကျ နယ်မြေစိုးမိုးရေး တပ်ဖွဲ့များကလည်း မြို့နယ် အတွင်း အကြောင်းမဲ့ သေနတ်များပစ်ဖောက်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီး နှိပ်စက် အနိုင်ကျင့် ငွေတောင်းခြင်း၊ မိန်းခလေးများ စီးလာသည့် ဆိုင်ကယ်များကို တား၍ မဖွယ်မရာပြောဆိုခြင်းများ ပြုလုပ်လျှက် ရှိသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ ဇန္နဝါရီလ ၃၁ ရက်နေ့တုန်းလည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ မြို့မရဲစခန်း ညသန်းခေါင်ကျော် အချိန်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ဒုရဲအုပ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။