ဖာပွန်ခရိုင်တွင် စစ်ကော်စီ တပ်က လေယာဉ်နှင့် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲတွင် စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်သည် လေယာဉ်နှင့် ဗုံး ၂ လုံး လာရောက်ကြဲခဲ့သည့် အတွက် ရွာသား ၂ ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ကလေးငယ် ၂ ဦး အပါအဝင် ရွာသား ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော်ခရိုင် သတင်းစဉ်က သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ရပြီး ကျေးရွာထဲရှိ နေအိမ် ၃ လုံး လည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်သူများရှိသည့်နေရာများတွင် လေယာဉ်ဖြင့် ဗုံးလာကြဲသည့် အပေါ် “အကြမ်း ဖက် စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းများသို့ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းကိရိယာများ လာ ရောက် ပို့ဆောင်ရန် အခက်အခဲရှိခြင်း၊ စစ်ရေးလှုပ်ရှားမှု အခက်အခဲဖြစ်ခြင်း၊ ဖာပွန်အထိ ခြေလျင်ဖြင့် လာ ရောက်ရန် ခက်ခဲရှိခြင်းနှင့် ရှေ့တန်းစစ်မြေပြင်မှ ၎င်းတို့ တပ်သားများ အားတက်စေရန်အတွက် လေယာဉ်ဖြင့် ဗုံးလာကြဲ ခြင်းဖြစ်သည်” ဟု KNLA တပ်မဟာ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လူသောမြို့နယ်ထဲက ကလော်ထာ့ကျေးရွာအုပ်စုရှိ မောကိုဒေသ အတွင်းကို လည်း လေယာဉ်အသုံးပြုပြီး ဗုံး ၃ လုံး လာကြဲခဲ့သည်။

စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်သူများ နေထိုင်သည့် ကျေးရွာများထဲသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခြင်း ကြောင့် ဒေသခံရွာသားများ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။

KNU (မူတြော်-ဖာပွန်) ခရိုင်ထဲတွင် ဇန္နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။