လောင်းလုံးတွင် မြေမြုပ်ထားသော အလောင်း ၃ လောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။

လောင်းလုံးတွင် မြေမြုပ်ထားသည့် ပုပ်ပွနေသော အမျိုးသားအလောင်း ၃ လောင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရှိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအနီး ခြံဝန်းတစ်ခုထဲတွင် အသတ်ခံထား ရပုံရ ပြီး ပုပ်ပွနေသည့် မြေမြုပ်ထားသည့် အမျိုးသား ၃ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ညင်းမော်ရွာသား တစ်ဦးက “သေတာက တပတ်လောက်တော့ ရှိပြီထင်တယ်။ အလောင်းမှာ သေနတ်ဒဏ်ရာရော ဓါးဒဏ်ရာပါ တွေ့ရတယ်” ဟု ပြောသည်။

အလောင်းများ မြုပ်နှံထားရာအနီး ရွာသားများ ဖြတ်သန်းသွားလာရာမှ အပုပ်နံ့ရရှိသဖြင့် တဆင့်စကားဖြင့် သွား ရောက်ကြည့်ရှု့ကြရာ မသင်္ကာ၍ တူးဖေါ်ကြည့်ကြရာမှ လူသေအလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးသူ သုံးဦးမှာ ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာသားများ ဖြစ်သည်ဟု
ရွာသားများက ပြောသည်။

တွေ့မြင်ရသည့် အလောင်းများမှာ ကျင်းတစ်ကျင်း အတွင်း အထက်အောက်ဆင့်ပြီး တစုတစည်းတည်း မြေမြှုပ် ထားခြင်းဖြစ်သည်။

သို့သော် မည်သူမည်ဝါက မည်သည့်အကြောင်းကြောင့် သတ်ခဲ့သည် ဆိုသည်ကိုမူ မသိရှိရ ဟု ဒေသခံ ရွာသားများက ပြောသည်။

အဆိုပါ အလောင်းများကို ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာရှိ နာရေးကူညီမှုအသင်းတို့က ပူးပေါင်းကူညီပြီး မီးသင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။