စစ်ကောင်စီက ရဲဝန်ထမ်းဟောင်းများကို အသုံးချရန် ပြင်ဆင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ပင်စင်စား ရဲဝန်ထမ်းဟောင်းများကို ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီက အတင်းအကြပ် စီစဉ်နေသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့ မှ စတင်ကာ မြောင်းမြမြို့၊ မြို့မရဲစခန်းတွင် ပင်စင်စား ရဲဝန်ထမ်းများကို တစ်ရက်လျှင် ၆ ဦး နှုန်းဖြင့် လက်ခံတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ခဲ့သည်ဟု မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။
“ရဲထွက်တွေက နဂိုကတည်းက အဖွဲ့အစည်းမရှိဘူး။ အထက်ကဖွဲ့စည်း ရမယ်ဆိုလို့သာ လိုက်ရှာပြီး စုစည်း နေ ရတာ။ တော်တော်စုရ ခက်တယ်” ဟု လက်ရှိတွင် တာဝန်နေသည့် ရဲဝန်ထမ်းတစ်ဦး က ပြောသည်။
လက်ရှိအခြေအနေအရ ဒေသတွင်းက တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် ရဲဝန်ထမ်းဟောင်းများ ပါဝင်ရန် နှင့် ရဲမှုထမ်းဟောင်းအဖွဲ့ကိုပါ ဖွဲ့စည်း၍ ရဲထွက် မိသားစုများ၏ သက်သာ ချောင်ချိရေး လုပ်ငန်းများ အကောင် အထည်ဖော်ရန် စုစည်းရခြင်းဖြစ်သည် ဟု အဆိုပါ ရဲဝန်ထမ်းက ဆက်ပြောသည်။
ရဲဝန်ထမ်းဟောင်း သက်ကြီးရွယ်အိုများကိုပါ မလာမနေရ အတင်းအကြပ် ခေါ်ယူ စုစည်း နေကြောင်း၊ အချို့က အသက်အရွယ်၊ ကျန်းမာရေး၊ စား ဝတ် နေ ရေး အရ အဖွဲ့အစည်းများနှင့် မပါတ်သက် လိုသူများလည်း ရှိနေ သည်ဟု ရဲဝန်ထမ်းဟောင်း အချို့က ပြောသည်။
“အသက်ကလည်း ကြီးပြီဆိုတော့ မိသားစုတွေ ဘာတွေ အထိခိုက်မခံနိုင်ဘူး။ အများအရေး၊ လူမှုရေး အလုပ် လည်း မဟုတ်ဘူးလေ။ အေးအေးဆေးဆေးပဲ နေချင်တယ်” ဟု အသက် ၇၀ ခန့်ရှိ ရဲစာရေးဟောင်း တစ်ဦး က ပြောသည်။
စစ်ကောင်စီ အနေဖြင့် အင်အားလျော့နည်းလာနေသည့် ၎င်းတို့၏ အခြေအနေကို ပြည်သူလူထုဘက်မှ ဂရုမပြု မိစေရန် အင်အားကို ရရာနည်းလမ်းပေါင်းစုံဖြင့် စုစည်းနေခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်းရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အချို့က သုံးသပ်သည်။
နိုင်ငံရေး စစ်ရေး လေ့လာစောင့်ကြည့်နေသး ဦးလှဝင်းက “သူတို့ (စစ်ကောင်စီ) အတော်အထိ နာနေတာ တပ်ထဲ ဝင်သူ မရှိသလောက်ပါဘဲ။ ဒါကြောင့်မို့ ရဲမိန်းမတွေကိုတောင် စစ်သင်တန်း အတင်းတက်ခိုင်းရတဲ့ အခြေအနေ ဖြစ်ခဲ့ရတာ” ဟု ပြောသည်။
စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်းဟောင်းများ၊ ပျူစောထီး၊ မီးသတ်အဖွဲ့များ ကို ရက်တို စစ်သင်တန်းများပေး၍ အချို့ကို လက်နက်တပ်ဆင် ပေးထားသည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့ထံမှ သိရသည်။
အဆိုပါအဖွဲ့များ ပူးပေါင်းကာ မြို့ရွာများတွင် ကင်းလှည့်ခြင်း၊ ဧရာဝတီတိုင်းရှိ သစ်တောများအတွင်း စစ်ကြောင်းများ ထိုး၍ PDF များကို ရှာဖွေခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက၏ ပြောပြချက်များ အရ သိရသည်။