Mytel တာဝါတိုင် ဖျက်ဆီးခံရပြီးနောက် ဒေသခံ ၉ ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်။

Mytel ဖုန်း တာဝါတိုင် မီးရှို့ဖျက်ဆီးခံရပြီးနောက် ဘိုကလေးမြို့နယ်အတွင်းက ဒေသခံ ၉ ဦး ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ကွင်းချောင်းလေးကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၂ နာ ရီဝန်းကျင် က မီးရှို့ဖျက်ဆီးခံရပြီးနောက် ဒေသခံ ၉ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“တာဝါတိုင် အောက်ခြေက စက်တွေ ပျက် စီးကုန်တယ်၊ လုပ်တဲ့ဘယ်သူတွေလဲ စစ် ဗိုလ်ကမေးတော့ မသိလို့ မသိပါဘူး ပြောတာ ဆဲလိုက် ဆိုလိုက်တာ နားမခံသာဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုဖုန်းတာဝါတိုင် ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကွင်းချောင်းကျေးရွာသို့ လာရောက် စစ် ဆေးပြီးနောက် ဒေသခံ ၉ ဦးကို ဖမ်ဆီးစစ်ဆေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်က ဖမ်းထားသူများကို ရိုက်နှက်စစ်ဆေး၍ အတင်းအကြပ် အမှုဆင် ဝန်ခံခိုင်းပြီး အဓမ္မတရား စွဲဆို ထောင်ချမည်ကို မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု မိသားစုဝင် အချို့ကပြောသည်။

ကွင်းချောင်းကျေးရွာက ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးမှုကို ဘိုကလေး၊ ကျိုက်လတ် ဧရာဗေဒါတပ်ဖွဲ့များ နှင့် ဧရာဝတီ လင်းပိုင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“စစ်ကောင်စီ ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာ ဖြစ်လို့ ဒေသခံတွေအနေနဲ့ အရာရာမှာ သတိပြု သွားလာ နေထိုင်ကြဖို့ အသိပေးပါရစေ” ဟု ဧရာဗေဒါတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဘိုကလေးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ထောက်တိုင်များအား အမြစ်ပြတ် ရှင်းလင်းသုတ်သင်သွားမည်ဟုလည်း ကြေညာထားသည်။

ဒေသခံ PDF များက ဘိုကလေး ၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ မြို့နယ်များ အတွင်း စစ်ကောင်စီ ထောက်တိုင် ပျူစောထီး၊ စစ်မှုထမ်းဟောင်း၊ ဒလန်၊ အုပ်ချုပ်ရေးမှူးများကို သုတ်သင်ရှင်းလင်းခြင်းနှင့် စစ်ကောင်စီဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများအပြင် Mytel ဖုန်းတာဝါတိုင်တို့ကို ခပ်စိပ်စိပ်တိုက်ခိုက် လာခဲ့သည်ဟု ဒေသတွင်းက နိုင်ငံရေး စစ်ရေး စိတ်ဝင်စားသူများက သုံးသပ်ပြောဆိုသည်။