ပြည်ခိုင်ဖြိုးပါတီကို တိုက်ခိုက်တဲ့သူကို ဇာဂနာက ဆန့်ကျင်သွားမယ်ဆိုတဲ့ သတင်းမှား ဖြန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
ရဲသွေးနီနီ ဆိုသူ Facebook အကောင့်ပိုင်ရှင်က ရုပ်ရှင်နှင့်သဘင်ပညာရှင် ဇာဂနာ ပြောဆိုထားတဲ့ ပုံစံနဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တိုက်ခိုက်တဲ့သူ ဘယ်သူ့ကိုမဆို ပြည်သူတစ်ယောက်အနေနဲ့ ဆန့်ကျင်သွားမယ်လို့ ရေး တင်ထားခဲ့ ပို့စ်အဟောင်းတစ်ခုကို အခုလထဲမှာ ပြန်လည်ဝေမျှနေကြပါတယ်။
အဲ့ဒီပို့စ်ဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၂၀၂၁ ခုနှစ် (မနှစ်က) ရေးတင်ထားပို့စ်ဖြစ်ပြီး အခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လထဲမှာပဲ ထပ်ပြီး ပြန်လည်ဝေမျှနေတဲ့အတွက် ဒီသတင်းပို့စ်ကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည် ပျံ့ နှံ့လာနေပါတယ်။
ရဲသွေးနီနီ ဆိုသူ Facebook အကောင့်ပိုင်ရှင် ရေးတင်ထားတဲ့ အဲဒီ သတင်းပို့စ်ကို အခုလက်ရှိ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလထဲမှာ ဇာဂနာ ပြောဆိုထား သယောင်ယောင်နဲ့ လူတော်တော်များများက ထပ်ဆင့်ပြန်လည် ဖြန့်ဝေနေ တာကို စိစစ်တွေ့ရပါတယ်။
ရဲသွေးနီနီ ဆိုသူက ဇာဂနာနဲ့ မင်းသမီးယဉ်လတ်တို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို အသုံးပြုပြီးတော့ ဇာဂနာ ပြောတဲ့ စကား ဇာဂနာ ဒဲ့ကစ်ပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာကို တွေ့ရပါတယ်။
ရဲသွေးနီနီ ဆိုသူက “စစ်တပ်ကို တိုက်ခိုက်ရင် ကြံ့ဖွံ့ကို တိုက်ခိုက်ရင်အဲဒီလို တိုက်ခိုက်တဲ့ – အစိုးရပဲ ဖြစ်ဖြစ် လွှတ်တော်အမတ်တွေပဲ ဖြစ်ဖြစ် အနီ လော်ဘီတွေပဲ ဖြစ်ဖြစ် စာရေးဆရာတွေပဲ ဖြစ်ဖြစ် ပြည်ပလက်အောက်ခံ မီဒီယာတွေပဲ ဖြစ်ဖြစ် NGO လိုလူမှု အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ဘယ်ကဖြစ်ဖြစ် ပြည်သူတယောက်အနေနဲ့ ဆန့် ကျင် သွားမယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ရဲသွေးနီနီ ဆိုသူ အကောင့်ပိုင်ရှင် တင်ထားတဲ့ ဇာဂနာနဲ့ ပတ်သက်တဲ့ သတင်းပို့စ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တို ဘာလ ၈ ရက်နေ့ ကတည်း စစ်တပ်ထောက်ခံသူတွေက VK လူမှုကွန်ရက် စာမျက်နှာမှာ ဒီ ဓာတ်ပုံ ဒီအရေးအသားနဲ့ပဲ ဖြန့်ဝေထားတာကိုလည်း တွေ့ရပါတယ်။
အဆိုပါ ရေးသားဖြန့်ဝေမှုတွေအားလုံးဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာဂနာက အခုလို ပြောဆိုထားခြင်း မရှိလို့ပဲဖြစ်ပါတယ်။
ဇာဂနာဟာ အရင်ကတည်းက စစ်တပ်ကို ပေါ်ပေါ်တင်တင်ရော ပြက်လုံးတွေနဲ့ရော တောက်လျှောက် ဝေဖန် ပြောဆိုလာသူ တစ်ဦးဖြစ်ပြီး တကယ်လို့ သူအနေနဲ့ ဒီလိုပြောခဲ့မယ်ဆိုရင် သတင်းမီဒီယာတွေကလည်း အဲဒီက တည်းက သူ့ပြော စကားတွေကို ကိုးကားပြီး သတင်းရေးသားကြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူဒီလိုပြောဆိုခဲ့ပါတယ်ဆိုတဲ့ သတင်းတွေကို အရင်က မတွေ့ ခဲ့ရသလို အခုလည်း မတွေ့ရပါဘူး။
တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဇာဂနာဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပြိုင်နက်တည်း အဖမ်းခံရတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ကမှ ထောင် ကနေ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ အဲဒီကတည်းက သတင်း မီဒီယာတွေနဲ့လည်း အင်တာဗျူးဖြေဆိုထားတာကို ယနေ့အချိန်အထိ မတွေ့ရသေးသလို လူမှု ကွန်ရက် စာမျက်နှာတွေမှာလည်း ရဲသွေးနီနီ အကောင့်ပိုင်ရှင် ရေးထားသလိုမျိုး သူ့ ဖက်က ရေးတင်ထားတာကိုလည်း မတွေ့ရပြန်ပါဘူး။ ဇာဂနာရဲ့ Facebook အကောင့်ကလည်း အခုအချိန်မှာ Deleted လုပ်ထားတာကို တွေ့ရပါတယ်။
Deleted လုပ်ထားတဲ့ မောင်သူရ(ဇာဂနာ) ရဲ့ အကောင့် ကို ဒီမှာ https://www.facebook.com/uthura.zarganar.5 တွေ့နိုင်ပါတယ်။
ဇာဂနာလို နာမည်ကြီးနေတဲ့ အနုပညာရှင်၊ နိုင်ငံရေး သမားတစ်ယောက်က အဲ့လိုပြောဆိုရေးသားခဲ့မယ်ဆိုရင် အခုအချိန်မှာ သတင်းဌာန တော်တော်များများကလည်း သူ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းရေးသားကြ မှာဖြစ်ပေမယ့် ဘယ်သတင်းဌာနကမှ အခုအချိန်အထိ သတင်းရေးသားထားတာကို မတွေ့ရပါဘူး။ ဒါကြောင့် ဒီရေးသားမှုတွေဟာ ဇာဂနာက ပြောဆိုထားတာ မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။
ရဲသွေးနီနီဆိုသူ တင်ထားတဲ့ သတင်းအမှားကို ထပ်ဆင့်ဖြန့်ဝေသူ တော်တော်များများရှိနေတာကို တွေ့ရသလို သဘောထား မှတ်ချက်ပေးသူ၊ ကြိုက်နှစ်သူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်ဝေသူတွေဟာ အရင်ကတည်းက နာမည်ကြီး အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ထင်ပေါ် ကျော်ကြားသူတွေ၊ နိုင်ငံခေါင်းဆောင်တွေက မပြောပါပဲလျက် ပြောဆိုထားသယောင် သတင်းအမှားတွေကို ဖန် တီးကာ ရေးသားနေကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာ ကို တွေ့ရပါတယ်။
နောက်ပြီး ဒီသတင်းအမှားပို့စ်အဟောင်းကို ထပ်ပြီးပြန်လည်ဝေမျှတာကို ကြည့်မယ်ဆိုရင်လည်း သတင်းအမှား ဖြန့်ဝေသူတွေက လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် သတင်းအမှားအသစ် အကြောင်းအရာ အမှားအသစ် တွေကို ဖြန့်ဝေနေတာတွေရှိတဲ့အပြင် သတင်းအမှား အဟောင်းတွေကိုလည်း ပြန်လည်အသုံးပြုပြီး စာဖတ် ပရိတ်သတ်တွေကို အတွေးအခေါ်တွေအပြင် အမြင်တွေဝေဝါးကုန်အောင် လုပ်ဆောင်နေပါတယ်။
ဒါကြောင့် လူမှုကွန်ရက်ပေါ်က စာဖတ်ပရိတ်သတ်တွေအနေနဲ့ အကြောင်းအရာတွေကိုပဲဖြစ်ဖြစ် သတင်းတွေ ကိုပဲဖြစ်ဖြစ် ဖတ်ပြီး/ကြည့်ပြီး ထပ်ဖြန့်ဝေတော့မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကနေ တက် လာတဲ့ သတင်းတွေနဲ့ သေချာ စီစစ်ပြီးမှ ဖြန့်ဝေပေးဖို့ လိုပါတယ်။