ထားဝယ် PDF ပူးပေါင်းအဖွဲ့က ပျူစောထီး ကားကို တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်။
ထားဝယ်ခရိုင်အတွင်း ပျူစောထီးအဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားတစ်စီး တိုက် ခိုက်ခံရပြီးနောက် ပျူစောထီးအဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ပြောသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းက ဆေးဖြတ်ကုန်းကျေးရွာနှင့် ကင်းရှေ့ကျေးရွာအကြားတွင် စော်ဖျားကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ၊ မိနစ်၂၀ အချိန် ခန့်တွင် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ဒေသခံရွာသားတစ်ဦးက “ပစ်ခတ်မှုဖြစ်တာက ၂ရက်ရှိပြီ။ နှစ်ဖက် အပြန်အလှန် ပစ် တာကြားရတယ်။ ပျူစောထီးခေါင်းဆောင် ဦးမောင်ရီ ပါတယ်လို့လည်း သိရတယ်။ ထိခိုက်မှုတော့မသိဘူး” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့်အတူ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (DDF) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့က အတည်ပြု ထုတ်ပြန် ထားသည်။
ထို့နောက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့် ကြာသည့် တိုက်ပွဲငယ်လည်း ဆက်လက်ဖြစ်ပွားခဲ့သည် ဟု ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့က ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်သားတစ်ဦး ခြေထောက်ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး ပျူစောထီးများဖက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦးသတင်းများရရှိထားသည်။
သို့သော် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု စာရင်း အရေအတွက်ကို သီးခြား အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာ ကွန်ယက် သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယခုတိုက်ခိုက်ခံရသည့် ပျူစောထီးအဖွဲ့ဝင်များသည် စော်ဖျားကျေးရွာအတွင်း တရားမဝင် လောင်းကစားဝိုင်း များ ပြုလုပ်ခြင်း၊ ကွမ်းသီးနှင့် ရာဘာခြံလုပ်သမားများ အလုပ်မလုပ်နိုင်အောင် ခြိမ်းခြောက်ဟန့်တားခြင်း၊ မင်္ဂလာပွဲများတွင် ငွေကြေးတောင်းခံခြင်း၊ အရပ်သား ပြည်သူများ၏ နေအိမ်များရှိ ပစ္စည်းများ သိမ်းယူကာ မီးရှို့ဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန် လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဒေသခံပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များနှင့် ဆက်သွယ်ရှိသည့် အခြေအမြစ် မရှိ စွပ်စွဲပြီး ရွာသားများကို ဖမ်းဆီးခြင်းတို့ကိုလည်း လုပ်ဆောင်နေသည့်အတွက် ညီနောင်မဟာမိတ် ပူးပေါင်း အဖွဲ့က ယခုကဲ့သို့ ရှင်းလင်းသုတ်သင်ခဲ့ရခြင်းဖြစ်သည်ဟု ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထား သည်။
ပြည်သူများအား ဒုက္ခပေးကာ စိတ်အနှောက်အယှက် ဖြစ်စေနိုင်သည့် လုပ်ရပ်များ ဆက်လက်လုပ်ကိုင်ပါက မိမိ တို့ ညီနောင်မဟာမိတ်များအဖွဲ့က ယခုထက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများကို အရှိန်ဟုန်မြှင့်ဆက်လက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်ထားသည်။