ပုသိမ်တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။

ပုသိမ်တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၄ ဦးသေဆုံးသွားသည်ဟု ဆေးရုံဝန်ထမ်းများ၏ ပြောပြ ချက်အရ သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆေးရုံကြီးတွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည် ပြုလူနာ ၄ ဦး သေ ဆုံးသွားသည်။

“သေဆုံးသူတွေက တခြားရောဂါအခံရှိနေသူတွေပါ။ ကိုဗစ် အတည်ပြု လူနာဆိုတာလည်း ဟုတ်ပါတယ်။ ဒါ ပေမယ့် ၄ ဦးစလုံးမှာက ခရီးသွားမှတ်တမ်း မရှိဘူး” ဟု ပုသိမ်မြို့ ကျန်းမာရေး ဦးစီးဌာနက အရာရှိတစ်ဦး က ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုသိမ်မြို့က ကုတင် ၅၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ အတည် ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် တစ်ဦးစီ သေဆုံးခဲ့၍ တစ်ပါတ်အတွင်း သေဆုံးသူ ၄ ဦးထိရှိပြီဟု ဆေးရုံဝန်ထမ်းများ က ပြောသည်။

ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က အိုမီခရွန် ကိုဗစ်လူနာကို စတင် တွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၅၀၀ ခန့် အထိရှိလာသည်ဟု မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ် သူများက ပြောသည်။

အဆိုပါ စာရင်းမှတ်တမ်းမှာ ဆေးရုံနှင့် ကိုဗစ်ရောဂါ သီးသန့် ကုသရေးစင်တာ ၏ မှတ်တမ်း အရသာဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် မိမိတို့အိမ်၊ ရပ်ကွက်ဆေးခန်း နှင့် ပြင်ပဆေးရုံတို့တွင် ကုသနေသူများ မပါဝင် သေးဘူး ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

“ပုသိမ်မြို့ ရပ်ကွက်တိုင်းမှာ ဖျားနာသူတွေရှိနေတယ်။ ကူးဆက်တာ အရမ်းမြန်တယ်။ ဖြစ်ပွားမှုများတယ်။ သေဆုံးမှုတော့ နည်းတယ်။ ကိုယ်စီ ကျန်းမာရေး အသိ သတိရှိကြဖို့ လိုပါတယ်” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦး က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နိုင်ငံရေး ပေါ်လစီ အရ မြို့တစ်မြို့၏ လူဦးရေ ၁၀ ပုံ ၁ ပုံခန့်သာ ဆေးထိုးပေးနိုင်ပြီး အဓိကကျသည့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ် ငန်းစဉ်များကို စနစ်တကျ မလုပ်ဆောင်နိုင်ခဲ့ဘူးဟု အရပ်ဘက်အဖွဲ့အစည်း အချို့က ဆိုသည်။

ပုသိမ်မြို့က CDM ဆရာဝန်တစ်ဦးက “ထိမ်းချုပ် ကာကွယ် တုန့်ပြန်မှုတွေကို စနစ်တကျ လုပ်နိုင်ခဲ့လို့ ပထမ လှိုင်းနဲ့ ဒုတိယလှိုင်းကို ကျော်နိုင်ခဲ့တယ်” ဟု ပြောသည်။

ပုသိမ်မြို့တစ်မြို့တည်းတွင် သာမက တိုင်းတစ်ခုလုံးအတွင်းရှိ မြို့များအားလုံးတွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိနေ ပြီး ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတမြို့တို့ရှိ ကျောင်းအချို့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ တွင် လည်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုများ ရှိလာနေသည်ဟု ဒေသခံ ကျန်းမာရေးဌာနအသီးသီးက တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရသည်။

ဧရာဝတီတိုင်းတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ပြန်လည် ဖြစ်ပွား လာပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ တိုင်းကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ ကူးစက်ခံရသူ စုစု ပေါင်း ၃၉၃၄ ဦး အထိ ရှိနေပြီဟု သိရသည်။