ကျိုက်မရော ရဲကင်းစခန်း ပစ်ခတ်မှု ရဲတစ်ဦး သေ၊ ရဲနှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်။

ကျိုက်မရော ရဲကင်းစခန်း ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ဒေသခံ ခရီးသည်များက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတား ရဲကင်းဂိတ်စခန်းတွင် မတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီအချိန်ဝန်းကျင်ခန့်က လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ခရီးသွား ဒေသခံတစ်ဦးက “ချောင်းနှစ်ခွတံတား ပစ်ခတ်မှုမှာ ရဲတစ်ဦး သေတယ်။ နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောတယ်။ ပစ်ခတ်မှုဖြစ်ပြီး နောက်မှာတော့ တံတားကို ပိတ်ထားလိုက်တယ်။ ဘယ်သူမှ ဖြတ်သန်းသွား လာ ခွင့် မပေးဘူး” ဟု ပြောသည်။

ချောင်းနှစ်ခွ တံတားရှိ ရဲကင်းစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ချောင်းနှစ်ခွ တံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားကို ပိတ်ထားသည့်အတွက် ကားနှင့် ဆိုင်ကယ် ရာနှင့်ချီက ညနေပိုင်းအချိန်ထိ ဖြတ်သန်းသွားလာခွင့် မရဖြစ်ခဲ့ရသည်ဟုလည်း ခရီးသွားဒေသခံ အချို့ က ပြောသည်။

အလားတူ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းနှစ်ခွနှင့် တောင်ကလေးကြားတွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း လှုပ်ရှားနေသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားရန် KNU အသိပေးစာထုတ်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေခြင်း လည်း ဖြစ်သည်။