ကချင်ပြည်နယ်အတွင်း မှတ်ပုံတင်ဖြင့်သာ ခရီးသွားရတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။

ကချင်ပြည်နယ်အတွင်းက ခရီးသွားပြည်သူများအား မှတ်ပုံတင်ပါမှသာ ကားလက်မှတ်များရောင်းချပေးရန် ယာဉ်ရပ်နားစခန်းက ကားလက်မှတ်ရောင်းသည့် အရောင်းဌာနများတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လာရောက်ညွန်ကြားသွားသည်။

ကချင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများဖြင့် ခရီးသွားလာကြမည့် ပြည်သူများကို ဧပြီ လဆန်းမှ စတင်၍ မှတ်ပုံတင်ပါမှသာ ကားလက်မှတ်များ ရောင်းချပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက စာများ လာရောက်ဝေငှသွားခြင်းဖြစ်သည်။

ကချင်ပြည်နယ် ယာဉ်များကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက “ကားဝင်းထဲမှာတော့ မှတ်ပုံတင် မစစ် ဘူး။ လမ်းမှာ ၂၁ မိုင်ဂိတ်တို့ နန့်စီးအောင်ဂိတ်တို့ မရန်ကထောင်ဂိတ်တို့မှာ တော့ စစ်မယ်ထင်တယ်။ အခု မြစ် ကြီးနား ဂိတ်တွေကတော့ မှတ်ပုံတင် မပါရင် လက်မှတ် မရောင်းပေးတော့ ဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းမှ ယာဉ်အသင်းများထံသို့ ပေးပို့သည့် ယင်းစာတွင်
ဧပြီလ ၁ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ကားဂိတ်များအနေဖြင့် မှတ်ပုံတင်မပါသည့် ခရီးသည် များကို တင်ဆောင်ခြင်းမပြုရန်နှင့် ပညာပေးကာလအဖြစ် တစ်လခန့် သတ်မှတ်ပေးထားမည်ဖြစ်သည် ဟု မြို့ နယ်ဦးစီးမှူး ဦးတင်လှကြည်က ပြောသွားသည်ဟု သိရသည်။

စစ်အာဏာမသိမ်းခင်က ခရီးသွားလာရာတွင် မှတ်ပုံတင်မရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာဖြင့် သွားလာခွင့်ရခဲ့ရာ ယခု မှတ်ပုံတင်ဖြင့်သာ ခရီးသွားလာရန် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

“ခါတိုင်းလည်း မှတ်ပုံတင်က သူတို့စစ်ချင်စစ်တယ်။ မစစ်ချင်မစစ်ဘူး။ စစ်သားတွေပဲ စစ်တာ။ မှတ်ပုံတင် မပါရင်လည်း သူတို့ကိုပိုက်ဆံပေးလိုက်ရင် သွားလို့ရတယ်။ အခုက ပိုလုပ်စားလို့ကောင်းသွားတာပေါ့” ဟု
မြစ်ကြီးနားမှ ဖားကန့်သို့ ခရီးသည်တင်ကားမောင်းနှင်သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းမှ ပြည်နယ်တွင်းနှင့် ပြည်နယ် ဖြတ်ကျော် ယာဉ်လိုင်း စုစုပေါင်း (၁၀၈) လိုင်း ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။