ဇနီး၏ အသုဘ ပို့ခွင့်မရသဖြင့် နိုင်ငံရေး အကျဉ်းသား တစ်ဦး မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်။

ဇနီးဖြစ်သူ၏ အသုဘ ပို့ရန် ခွင့်ပြုချက် မရသဖြင့် မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းမှု တစ်ခု ပုသိမ် အကျဉ်းထောင်အတွင်းတွင် ဖြစ်ပွားခဲ့သည်။

ဧရာဝတီတိုင်း ၊ ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ လုံမငြိမ်းချမ်း၏ အမျိုးသား ဦးကျော်လှမိုးသည် ဇနီးသည် လုံမငြိမ်းချမ်း၏ အသုဘပို့သွားရန် တောင်းဆိုရာ ခွင့်ပြုချက်မရသည့်နောက် မိမိကိုယ်ကို သေကြောင်းကြံပြီးနောက် ဆေးရုံတင်ခဲ့ရသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက အတည် ပြု ပြောသည်။

အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက “သူ့မိန်းမနာရေး လိုက်ပို့ဖို့ တောင်းဆိုတာ မရလို့ ဖြစ်ရတာ” ဟု အတည်ပြုပြောသည်။

သဘာဝဘေးစီမံ ပုဒ်မ ၂၅ ဖြင့် စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသည့် အသက် ၄၇ နှစ်အရွယ် ဦးကျော်လှမိုး (ခေါ်) ဦးချက်ဖောင်းသည် ဧပြီလ ၂ ရက်နေ့၊ ညဦးပိုင်းက မိမိကိုယ်မိမိ သေကြောင်း ကြံစည်သဖြင့် ဆေးရုံတင်လိုက်ရခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ အချို့ထံမှ သိရ သည်။

ဦးကျော်လှမိုးသည် ထောင်တွင်း၌ ဆေးရုံ အရေးပေါ် ဆေးကုသမှုခံယူနေရ သည် ဟု သိရသည်။

ငြိမ်းချမ်းရေး ကဗျာဆရာကြီး မောင်အောင်ပွင့်(ကွယ်လွန်)၏ သမီးဖြစ်သူ ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက် ကျောက်ငူရပ်တွင် နေထိုင်သည့် ဦးကျော်လှမိုး၏ ဇနီးဖြစ်သူ အသက် ၄၅ နှစ်ရှိ ဒေါ်လုံမငြိမ်းချမ်းသည် ဧပြီလ ၂ ရက်နေ့၊ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်။

ဦးကျော်လှမိုးမှာ မတ်လ ၃၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ် အမိန့်ချခံခဲ့ရသည်။

ဦးကျော်လှမိုးသည် ထိုနေ့ညက စိတ်လှုပ်ရှားမှု အလွန်အမင်း ဖြစ်ပေါ်နေသဖြင့် မလိုလားအပ်သည့် အခြေအနေ များ ဆက်မဖြစ်စေရန်နှင့် ကျန်းမာရေး မထိခိုက်စေရန်အတွက် ထောင်တွင်းဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်း ဖြစ် သည်ဟု အကျဉ်းဦးစီးဌာနက အရာတစ်ဦးက ပြောသည်။

ဦးကျော်လှမိုးအား သဘာဝဘေးစီမံ ပုဒ်မ ၂၅ ဖြင့် စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက မတ်လ ၃၀ ရက်နေ့ ထောင်၂နှစ် ချပြီးသော်လည်း ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၂၄ တို့ဖြင့် ဆက်လက် တ ရားစွဲ စစ်ဆေးခံနေ ရဆဲ ဖြစ် သည်ဟု ရှေ့နေအသိုင်း အဝိုင်းကသိရသည်။

ပုသိမ်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားအသိုင်းအဝိုင်းက ဦးကျော်လှမိုး မိမိကိုယ်မိမိ သေကြောင်းကြံစည်သည့် ကိစ္စနှင့် ပတ်သက်၍ အတည်မပြုပေးနိုင်သော်လည်း နေမကောင်းသဖြင့် ဆေးရုံတက်ရသည့်ကိစ္စမှာ မှန်ကန် သည်ဟု ဆိုသည်။

ဦးကျော်လှမိုး နှင့် ဒေါ်လုံမငြိမ်းချမ်း မိသားစုသည် ဖခင်ဖြစ်သူ ငြိမ်းချမ်းရေး ကဗျာဆရာကြီး မောင်အောင်ပွင့် နည်းတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသူများဖြစ်ကာ အကြမ်းမဖက် ငြိမ်းချမ်းရေးကို လိုလား သော မိသားစုလည်း ဖြစ်သည်ဟု စာပေအသိုင်းအဝိုင်းက ပြောသည်။

ဦးကျော်လှမိုးနှင့် ဒေါ်လုံမငြိမ်းချမ်းတို့တွင် အရွယ်မရောက်သေးသည့် သားတစ်ဦးလည်း ရှိသည်။