အင်တာနက် ပြန်ဖွင့်ပြီးနောက် ဖားကန့်တွင် Mytel ဆင်းကဒ်များ ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်။
လနှင့်ချီ အင်တာနက် ပိတ်ထားသော ဖားကန့်တွင် အင်တာနက်လိုင်းများပြန်ဖွင့်ပေးပြီး Mytel ဆင်းကဒ်ဖြင့်သာ အသုံးပြုနိုင်သောကြောင့် Mytel ဖုန်း ဆင်းကဒ်တစ်ခုကို တစ်သောင်းကျပ်အထိ ပေးဝယ် နေရသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က Mytel ဆင်းကဒ်ဖြင့် နေရာတော်တော်များများတွင် အင်တာနက် ပြန်လည်အသုံးပြုခွင့်ရ နေသည့် အတွက် ယခင်က ၁၅၀၀ ကျပ်ဖြင့်သာ ဝယ်ယူရသည့် Mytel ဆင်းကဒ်တစ်ကဒ်ကို တစ်သောင်းကျပ်အထိ ပေးဝယ်နေရသည် ဟု ဖားကန့်မြို့က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဘယ်နေရာမှာ မဆို လိုင်းရနေပြီဆိုပြီးမှ အဲလိုမျိုး ဖြစ်တဲ့အခါမှာ မိုင်တဲလ်ကဒ်သွားဝယ်တဲ့အချိန်မှာ ဆိုင်မှာ သူများတွေလည်း ဝယ်ကြတယ်ပေါ့။ ဆိုင်က စျေးလည်း ရှစ်ထောင် တစ်သောင်းဆိုတော့ စျေးကြီးတယ်ပေါ့ နော်။ တခြားနေရာမှာ ကျတော့ တခြားနေရာမှာ ပိုစျေးကြီးတယ်ပေါ့။ တစ်သောင်းကျော်တွေပေါ့နော်” ဟု ဖားကန့် မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အင်တာနက်ကို ကာလကြာစွာ သုံးစွဲခွင့် မရခဲ့သည့် ဖားကန့်ဒေသခံများအနေဖြင့် Mytel ဆင်းကဒ်တစ်ခုကို ကျပ် တစ်သောင်းကျော် အထိ ပေးဝယ်နေရသော်လည်း အင်တာနက် သုံးချင်သည့်အတွက် စစ်တပ်ထုတ်ကုန်ဖြစ် သည့် Mytel ဆင်းကဒ်ကို မသုံးချင်သော်လည်း ဝယ်ယူသုံးစွဲနေရသည်ဟု ဆိုသည်။
လက်ရှိဖားကန့်တွင် ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ ဖားပြင်၊ ဝှေ့ခါ စသည့် နေရာတော်တော်များများတွင် အင် တာနက် လိုင်းကောင်းမွန်စွာ ပြန်လည်ရရှိနေသော်လည်း အချို့နေရာများတွင် လိုင်းကောင်းမွန်ခြင်းမရှိဟု ဒေသခံ များက ပြောသည်။
ဖားကန့်တွင် Mytel ဆင်းကဒ်ဖြင့် အင်တာနက် ပြန်လည်ရရှိနေသော်လည်း စစ်တပ်က အာဏာသိမ်းပြီး နောက် အသုံးပြုနေရသည့်အတိုင်း VPN ဖြင့် ကျော်၍ သုံးစွဲနေရသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
Mytel ဆင်းကဒ်ဖြင့် အင်တာနက် ပြန်လည်အသုံးပြု၍ ရနေသော်လည်း သုံးစွဲသူများရှိသကဲ့သို့ မသုံးစွဲသူများ လည်းရှိနေသည်။
စစ်တပ်ထုတ်ကုန်ကို ဆန့်ကျင် သပိတ်မှောက်သည့် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့က မသုံး ဖြစ်ဘူး။ အခု အရင်ကတည်းက သုံးဖို့ ဆန္ဒသိပ်မရှိတာနဲ့ လိုင်းရတာဆိုတာနဲ့ ကျနော်တို့က ဝယ်သုံးတာတွေ မရှိပါဘူး။ ကျနော်တို့က အစကတည်း စစ်အစိုးရကို မကြိုက်တဲ့အခါကျတော့ သူတို့လုပ်ပေးတဲ့ ဖွင့်ပေးတဲ့ အရာပေါ်မှာ ကျနော်တို့က ကျေနပ်မနေချင်ဘူးပေါ့။ အဲကြောင့်ကျနော်တို့လည်း မသုံးဖြစ်တာ” ဟုပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့ အပါအဝင် တိုင်းနှင့် ပြည်နယ်ရှိ ဒေသတော်တော် များများ တွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။
ထိုသို့ဖြတ်တောက်ထားရာမှာ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှစတင်၍ ဖားကန့်မြို့နယ်တွင် Mytel ဆင်းကဒ်ဖြင့် အင်တာနက်လိုင်းများကို ပြန်လည်ဖွင့်ပေးခဲ့သည်။
သို့သော် MPT, Telenor, Ooredoo စသည့် ဖုန်း Sim Card အင်တာနက်လိုင်းများ ပိတ်ထားဆဲ ဖြစ်သည်။
ဓါတ်ပုံ – wikipedia