အင်တာနက်မရသော ၈ လအတွင်း အဖက်ဖက်မှ နစ်နာမှုများကြုံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အင်တာနက် ဖြတ်တောက်ခံရသည့် ၈ လတာကာလတွင် ဒေသခံပြည် သူများမှာ လူအခွင့်အရေး ချိုးဖောက်ခံရနေသည့်အတွက် စီးပွားရေးလုပ်ငန်းများအပြင် အဖက်ဖက်က ဆုံးရှုံး နစ်နာမှုများကို ကြုံတွေ့ခဲ့ရသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ခဲ့သည့် ၈ လ ပြည့်သည့်နေ့ ဧပြီလ ၂၀ ရက် နေ့ (ယနေ့) တွင် ဖားကန့်ဒေသခံများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်ရာတွင်လည်း အင်တာနက်မရှိသောကြောင့် အရောင်းအဝယ်ထိခိုက်မှု ရှိသည်ဟု ဖားကန့်ဒေသခံ ကိုနော်နော်က ပြောသည်။

“ဖားကန့်မှာ ဒီလိုင်းမရတဲ့အတွက် ဒီဖားကန့်ပြည်သူတွေရဲ့ လူ မှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအကုန် ဒုက္ခရောက်တယ်ပေါ့နော်။ ဥပမာ စီးပွားရေးဆိုရင် ကျနော် တို့ ကျောက်လုပ်တဲ့လူတွေက Wechat တို့ ဘာတို့နဲ့ ကျောက်စိမ်းပုံတွေ ပို့ကြ အဲလိုမျိုးပေါ့နော်။ အဲလိုမျိုးဆိုရင်က စီးပွားရေး ထိခိုက်တာပေါ့”

အင်တာနက်မရှိသဖြင့် မိဘဆွေးမျိုးများနှင့် ဆက်သွယ်မှုများ အခက်အခဲ ဖြစ်ရသလို ရောင်းရေးဝယ်ရေးတွင်လည်း အခက်ကြုံကြရသည်။

ထို့အပြင် အင်တာနက် မရရှိသည့် ၈ လတာ ကာလအတွင်း ကလေးများ ပညာသင်ကြားရေးတွင်လည်း အခြားအင်တာနက် ရရှိသည့် ဒေသကဲ့သို့ ပညာသင်ကြားခွင့် မရဖြစ်ရသည်ဟု ကိုနော်နော်က ဆက်ပြောသည်။

“ကလေးတွေဆိုလို့ရှိရင် ကျောင်းတွေမဖွင့်တဲ့အတွက် သူတို့ကဒီအွန်လိုင်းကနေ စာသင်ရတယ်။ အဲဒါ လိုင်းဖြတ်ပေးတဲ့အတွက် စာသင်လို့မရတော့ဘူး ဖြစ်သွားတယ်ပေါ့နော်။ ဒီနည်းပညာခေတ်မှာ အင်တာနက် ဖြတ်တောက်ခံရတယ်ဆိုတာ ဒီနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးပေါ့နော်၊ လူ့အခွင့်အရေး ဆုံးရှုံးခံရတယ်လို့ ကျနော်က အဲ့လိုမြင်ပါတယ်” ဟု ပြောသည်။

ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပြင် အင်တာနက်ကို အမှီပြု၍ လုပ်ကိုင်နေရသည့် အခြားအခြားသော လုပ်ငန်းများတွင်လည်း ထိခိုက်နစ်နာမှုများရှိခဲ့သည်ဟု ဆိုသည်။

ဖားကန့်မြို့နယ်တွင် အင်တာနက်ပိတ်ထားရာကနေ စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က Mytel Sim ကဒ်ဖြင့် အင်တာနက် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၁၅ ရက်အကြာ ဧပြီလ ၁၈ ရက်နေ့တွင် ပြန်ပိတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၆ လအကြာတွင် ဖားကန့်မြို့ နယ်ကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ခဲ့သည်။

ဧပြီလ ၂၀ ရက်နေ့ (ယနေ့) အင်တာနက် ဖြတ်တောက်ခံရသည့် ၈ လ ပြည့်နေ့တွင် အင်တာနက် ပြန်ဖွင့်ပေးရန် နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ဖားကန့်ဒေသခံများက ပြုလုပ်ခဲ့ကြသည်။

ဓါတ်ပုံ – CJ