ရှမ်းနီတပ်မတော် SNA နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် စစ်ကောင်စီတပ်တို့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SNA က ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ (ယမန်နေ့) က SNA တပ်မဟာ ၉၇၁ နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ သည့် အခြေအနေနှင့် ပတ်သက်၍ SNA တာဝန်ရှိသူ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ယခုကဲ့သို့ ပြောသည်။

“အဓိကကတော့ ဥရုချောင်းထဲမှာ ထိပ်တိုက်တွေ့ကြတာပါ။ အပြန်အလှန် အဲ့လိုတွေ့ ပြီးတော့မှ ပစ်ခတ် တိုက် ကြတာပါ။ ဖြစ်တာကတော့ ၂၀၂၂ နှစ်၊ ၄ လ မနက် ၁၀ နာရီဝန်းကျင် ဥရုချောင်းဆိုတော့ ဆယ်ဇင်းနဲ့ နန့်တော ကြား။ ဆယ်ဇင်းဆိုတာ ကချင်ပြည်နယ်၊ နမ့်တောဆိုတာ ဟုမ္မလင်းနယ်ထဲမှာ အဲ့ဥရုချောင်းမှာပေါ့။”
နှစ်ဖက်ကြားတိုက်ပွဲမှာ ကချင်နှင့် စစ်ကိုင်းအစပ်တွင်ဟု ဆိုသော်လည်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဘက်ထဲ တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SNA က ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့များ၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှု အခြေအနေများ အသေးစိတ်ကို မသိရ သေးဘူးဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဆိုသည်။
အဆိုပါ တိုက်ပွဲသည် SNA နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရွှေ့အပြောင်းကိစ္စဖြင့် ၎င်းတို့၏ နယ် မြေအတွင်း ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု SNA တာဝန်ရှိသူက ဆက် ပြောသည်။

ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက “စစ်ရေးတင်းမာမှုအခြေအနေကတော့ သူတို့ရဲ့ လှုပ်ရှားမှုအပေါ် မူတည်တယ်။ ကျနော်တို့ဘက်ကတော့ အမြဲတမ်း တတ်နိုင်သမျှ အဆင်သင့်တော့ ပြင်ထားတယ်ပေါ့” ဟု ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတဝိုက်သည် ကျေးရွာများနှင့် ဝေးသော်လည်း ရွှေမျှောလုပ်ငန်း လုပ်သားများ ရှိ သည်ဟု သိရသည်။

ရွှေမျှောလုပ်သားများ တိုက်ပွဲကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ကြသော်လည်း ၎င်းတို့အား ထိခိုက်မှု တစုံတရာ မရှိခဲ့ ဟု အနီးအနားက ဒေသခံတစ်ဦးက ဆိုသည်။

ယခုအကြိမ်သည် ဧပြီလအတွင်း SNA နှင့် စစ်ကောင်စီတပ်တို့အကြား ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့တွင်လည်း ခန္တီးမြို့နယ်အတွင်း ပထမဆုံး ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း SNA ဘက်က နှစ်ဦးကျဆုံးခဲ့သည်။