ရခိုင်ရိုးမအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ရခိုင်ရိုးမတော အတွင်း PDF များရှိနေသည့်အပြင် AA က စစ်သင် တန်းပေးနေသည် ဆိုသည့် သတင်းများကြောင့် စစ်ကောင်စီ၏ တပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် တော နင်း စစ်ကြောင်းထိုး နေသည်ဟု သိရသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ နှင့် နယ်မြေခံ ပျူစောထီးများ ပါဝင်သည့် ပူးပေါင်း အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလ ၂၈ ရက်နေ့ ဝန်းကျင်က စတင်၍ ယနေ့အချိန်ထိ စစ် ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“PDF တွေ ခိုအောင်းနေတယ်။ AA တပ်ဖွဲ့တွေက စစ်သားစုဆောင်းတယ်။ စစ်သင်တန်း ပေးနေတယ် သတင်း ကြောင့် တောနင်း ရှာနေတာ” ဟု စစ်ကောင်စီ တပ်ဖွဲ့များ၏ လမ်းပြများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် ငပုတောမြို့နယ် အတွင်းရှိ ငရုတ်ကောင်းဒေသ၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်း၊ ဆင်မှုံသစ်တော ကြိုး ဝိုင်း၊ ဟိုင်းကြီးကျွန်း မော်တင်ဒေသများ၏ တောတောင်များအတွင်း၌ စစ်ကောင်စီတပ်က အင်အားကို ဖြန့်ကျက် ၍ နယ်မြေ စိုးမိုးရေး လုပ်နေသည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူအချို့ က ပြောသည်။
စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များက ကျေးရွာအချို့ကိုလည်း ဝင်ရောက် စီးနင်း ရှာဖွေ စစ် ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
အလားတူ တောတောင်များအတွင်း ကျောက်ထုတ်၊ ဝါးခုတ်၊ သစ်ခုတ်၊ မီးသွေးဖုတ်၊ အမဲလိုက်၊ သားငါးရှာ၊ သစ် ဥ သစ်ဖု ရှာဖွေ လုပ်ကိုင်နေသူများကိုလည်း အနီးစပ်ဆုံးတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေး အဖွဲ့ထံ သတင်းပို့ လုပ်ကိုင်ကြရန်လည်း အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။
ငရုတ်ကောင်း ဒေသခံတစ်ဦး က “စစ်ကောင်စီက တောထဲမှာ ကင်းပုန်းတွေ ချတယ်။ အရပ်ဝတ်တွေနဲ့ စောင့် ကြည့်ကြတယ်။ မုဆိုးလိုလို သစ်ခုတ် ဝါးခုတ်လိုလို လုပ်ပြီး PDF စခန်းတွေကို ရှာနေတယ်” ဟု ပြောသည်။
ငပုတောမြို့နယ်၏ အနောက်ဖက်အခြမ်းသည် ရခိုင်ပြည်နယ်နှင့် ထိစပ်လျှက်ရှိပြီး ရခိုင်နှင့် ကရင် တိုင်းရင်းသား အများစုနေထိုင်ပြီး ဗမာ တိုင်းရင်းသားလည်း အနည်းငယ် နေထိုင်သည့် ဒေသဖြစ်သည်။
ထိုဒေသသည် ဧရာဝတီတိုင်းအတွင်း ရက္ခိုင့်တပ်တော် ULA/AA နှင့် စစ်ကောင်စီတပ်တို့ အကြား စစ်ရေး၊ နိုင်ငံရေး တင်းမာလာနေသည့် ဒေသဖြစ်သည့်အပြင် အဆိုပါ တောတောင်များအတွင်း PDF များ ရှိနေသည်ဟု စစ်ကောင်စီက သံသယရှိနေသည့် နေရာလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ရခိုင်ပြည်နယ်နှင့် ရေမြေထိစပ်နေသည့် ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းရှိ ကြံခင်း၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ ချောင်းသာမြို့နယ်များ အတွင်းရှိ တောတောင်များအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ နယ်မြေ စိုးမိုးရေး လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။