အမ ဖြစ်သူအားဖမ်း၍ PDF တပ်ရင်းမှူးနှင့် လာလဲရန် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်၊

မူဆယ် ပြည်သူ့ကာကွယ်ရေး တစ်ဖွဲ့ဝင်တစ်ဦး၏ အစ်မဖြစ်သူကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးသွားပြီး မောင်လေးဖြစ်သူနှင့် လာလဲရန် မိသားစုဝင်များကို ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ၄၅ ကုန်း၊ ဟိုမိုရပ်ကွတ်က အမျိုးသမီးတစ်ဦးကို မူဆယ် ပြည်သူ့ကာ ကွယ်ရေး (PSDA) တစ်ဖွဲ့ဝင်တစ်ဦးနှင့် ဆက်စပ်၍ မေလ ၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦး က “သူက လိုင်းပေါ်မှာ ရွှေထည်ပစ္စည်းလေးတွေ ရောင်းတဲ့အပေါ်မှာ စရဖက ရွှေဝယ်မယ်ဆိုပြီးတော့ လိုင်းပေါ်မှာ ချိန်းတာပေါ့နော်၊ ချိန်းတော့ အဲ့ဒီအစ်မက သူတို့ဆီကို သွားလိုက်တာ။ သွား လိုက်တော့ စရဖက တခါတည်း ဖမ်းထားလိုက်တာပေါ့။ ဖမ်းထားပြီးတော့ မနေ့ကပေါ့နော် သူရဲ့ ဆွေမျိုးတွေ သွားတော့ နင်တို့မောင်နဲ့ ပြန်လဲမလား၊ ပြန်လဲရင်တော့ သူ့ကို ချက်ချင်း ပြန်လွှတ်ပေးလို့ ရတယ်ပေါ့နော်။ အဲ့ တော့ နင်တို့မောင်ကို ပြောလိုက်ပေါ့ နင်တို့မောင်နဲ့ အလဲအလှယ်လုပ်မယ်ပေါ့လေနော် အဲ့ပုံစံမျိုးနဲ့ သွားတွေ့တဲ့ ဆွေမျိုးတွေကို ရဲတွေက ပြောလွှတ်လိုက်တာပေါ့” ဟု ပြောသည်။

အွန်လိုင်းတွင် ရွှေထည်ပစ္စည်းများရောင်းနေသည့် အသက် ၂၇ နှစ် အရွယ် မနွေးရတနာနွယ်ဆိုသူကို မေလ ၁ ရက်နေ့ က မူဆယ်မြိုု့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ရွှေဝယ်မည်ဟု ချိန်းဆိုပြီးနောက် ဖမ်းဆီးထား လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့နောက် သူမ၏ မောင်ဖြစ်သူ မူဆယ် ပြည်သူ့ကာကွယ်ရေး (PSDA) တပ်ဖွဲ့၏ တပ်ရင်းမှူးဆိုသူနှင့် လာလှဲ လှယ်မှသာ ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမအား လက်ရှိတွင် မူဆယ်မြို့မ ရဲ စခန်းတွင် ဖမ်းဆီးထားသည်ဟု သိရသည်။

မူဆယ် ပြည်သူ့ကာ ကွယ်ရေး (PSDA) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ Local PDF တပ်ဖွဲ့မှာတော့ တပ်ရင်းမှူးပေါ့ ကျနော်တို့ ဟိုးသပိတ်တွေလုပ်ကတည်းက ကျနော်အပါအဝင် အတူတူ ဝရမ်းထုတ်ခံထား ရတာ ပေါ့နော်။ အဲ့ထဲမှာပါတယ်။ ကျနော်တို့ကို သဲကြီးမဲကြီးလိုက်နေတာပေါ့နော်။ မနေ့ကပေါ့နော် တပ်ရင်းမှူးရဲ့ အစ်မ ကို ဖမ်းသွားတာဟုတ်တယ်။ ဒါက စကစရဲ့ အဆင့်အတန်းကို ပြတာပေါ့နော်။ သူတို့လုပ်နေကြအတိုင်း လုပ်နေ တာပဲလေနော်။ အောက်တန်းကျတဲ့လုပ်ရပ်ကို သူတို့က တောက်လျှောက်လုပ်နေတာလေနော်” ဟု ပြောသည်။

မနွေးရတနာနွယ် ၏ မောင်တော်စပ်သူ မူဆယ် ပြည်သူ့ကာကွယ်ရေး (PSDA) တပ်ဖွဲ့၏ တပ်ရင်းမှူးဆိုသူကို ၎င်းတို့၏ မိသားစုဝင်များက ၂၀၂၁ ဒီဇင်ဘာလ လဆန်းပိုင်းတွင် အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာထားပြီး ဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တပ်အာဏာသိမ်းစမှ စတင်၍ စစ်ကောင်စီဆန့်ကျင် ဆန္ဒပြသူများ၊ ဦးဆောင် သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအချိန်ထိလည်း ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေကြသည် ဟု ဆိုသည်။

၎င်းတို့ လိုက်လံရှာဖွေဖမ်းဆီးနေသူများအား မမိပါက သက်ဆိုင်သူမိသားစုများကို ယခု ၂၀၂၂ ခုနှစ်မှ စတင်၍ ဖမ်းဆီးမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု မူဆယ် ပြည်သူ့ကာ ကွယ်ရေး (PSDA) အဖွဲ့ ပြန်ကြားရေးတာဝန် ခံက ဆက်ပြောသည်။

မနွေးရတနာနွယ် ဖမ်းဆီးခံရမှုသည် PDF တပ်ဖွဲ့ဝင်၏ မိသားစု အဖြစ် ဖမ်းဆီးခံရသူများအနက် ဒုတိယတစ် ယောက် ဖြစ်သည်ဟု သိရသည်။ ယခုနှစ်အစောပိုင်းကလည်း PDF တပ်ဖွဲ့နှစ် ဆွေမျိုးတော်စပ်သူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး PDF အဖွဲ့ထဲဝင်သွားသူနှင့် လာလဲမှသာ ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစတင်၍ ယနေ့အချိန်ထိ မူဆယ်မြို့နယ်အတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ ကြသည့်အတွက် ဖမ်းဆီးခံထားရသူ အရပ်သား ပြည်သူ ၄၀ ကျော်ခန့်ရှိနေသည်ဟု ဒေသခံများက ပြောသည်။