သွေးသောက် အဖွဲ့က အတိုက်အခံများကို ခြိမ်းခြောက်စာကပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် မြို့အဝင်အထွက် လမ်းမများပေါ်တွင် အနီရောင်စစ်ဆင်ရေး ကြေငြာချက်ဟု ရေးသားထားသည့် စာများကို အတိုက်အခံ မိသားစုများအား သတ်ဖြတ်နေသည့် သွေးသောက်အဖွဲ့က ဖြန့်ဝေခဲ့သည်ဟု ဒေသခံများ က ပြောသည်။
NLD ပါတီဝင်များနှင့် ထောက်ခံဝန်းရံသူများ၊ NUG ၊ CRPH ၊ PDF အဖွဲ့ဝင်များနှင့် ဆက်နွယ်သည့် မိသားစုဝင် များအား တန်ပြန်တိုက်ခိုက် ချေမှုန်းမည်ဖြစ်ပြီး ဗိုလ်သီဟ သွေးသောက်အဖွဲ့ (ဟင်္သတမြို့) ဟု လက်မှတ်ထိုး ထားသည့် အနီရောင်စစ်ဆင်ရေးအဖြစ် ထုတ်ပြန်ကြေညာချက်ကို မေလ (၁)ရက်နေ့မှ စတင်၍ ဖြန့်ဝေနေခြင်း ဖြစ်သည်။
“လမ်းပေါ်မှာတွေ့လို့ ကောက်ဖတ်ကြည့်တာ ဒီတစ်ရွက်ထဲ မဟုတ်ဘူး။ အဲ့ဒါမျိုးကိုပဲ နောက်တစ်ယောက်လည်း ဖတ်နေတာတွေ့တယ်” ဟု လမ်းလျှောက်ထွက်ရင်းတွေ့ရှိခဲ့သူ ဒေသခံတစ်ဦး က ပြောသည်။
ထိုထုတ်ပြန်ချက်တွင် စာရွက်တွင် နိုင်ငံတော် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများ ကို သတ်ဖြတ်ခြင်းများ မလုပ်ရန်လည်း သတိပေး ရေးသားထားသည်။
သို့သော် မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းကို ရည်ညွှန်းမှန်း တိကျစွာ မပါရှိချေ။
“ဒါက ဟင်္သာတမြို့နယ် လူထုကို ခြိမ်းခြောက်လိုက်တာပဲ။ တိုက်ပွဲတိုင်းမှာ စကစ လက်အောက်ခံ ရဲတွေစစ်သား တွေ နေ့တိုင်း သေတာများတယ်။ နောက် သူတို့ရဲ့ ဒလံနဲ့ အုပ်ကြီးတွေ အသတ်ခံတာ များလာလို့ ကြွက်မနိုင် ကျီ မီးနဲ့ ရှို့ဖို့လုပ်တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
“NLD ပါတီဝင်တွေနဲ့ ဝန်းရံထောက်ခံသူတွေ NUG၊ CRPH၊ PDF အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်တဲ့ သူတွေကို တိုက်ခိုက် မယ်ဆိုထဲက စကစ ရဲ့ ထောက်တိုင် ကြံခိုင်ရေးက မွေးထားတဲ့ ပျူစောထီးတွေပဲ” ဟု NLD ပါတီဝင်များ က ပြော သည်။
အနီရောင်စစ်ဆင်ရေး ကြေငြာချက်ဟု ရေးသားထားသည့် စာများကို မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေခဲ့ခြင်း မဟုတ်ပဲ မြို့၏ အဝင်အထွက် လမ်းမများပေါ်တွင်သာ ကြဲထားခြင်းဖြစ်သည်ဟု ဟင်္သာတမြို့ခံ အချို့က ပြော သည်။
“ဒါက လူထုကို ကြောက်အောင် ခြောက်တာ။ နောက် PDF တွေကို မုန်းအောင် သွေးထိုးလှုံ့ဆော်တာ” ဟု နိုင်ငံ ရေးတက်ကြွ လှုပ်ရှားသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။
အင်္ဂပူမြို့နယ်ရှိ ကွင်းကောက် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ဖေဖော်ဝါရီလ တတိယအပတ် အတွင်းက ပျူ စောထီးအဖွဲ့ဝင် အယောက် ၄၀ ခန့်ကို စစ်သင်တန်းပေးခဲ့ပြီး သင်တန်းဆင်းသွားပြီဟု အဆိုပါ လေ့ကျင့်ရေး တပ် နှင့် နီးစပ်သူအချို့က ပြောသည်။
ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာများတွင် လုံခြုံရေးကို အကြောင်းပြ၍ တစ်ရွာလျှင် လူအယောက် ၂၀ ဦး စစ်သင်တန်းတက်ရန် စုဆောင်းမှုများ လုပ်နေသည်ဟု သိရသည်။
အလားတူ အချို့ကျေးရွာများတွင် စစ်မှူထမ်းဟောင်းများကို နေ့စားခပေး၍ လုံခြုံရေးအတွက် ကင်းစောင့်ခိုင်း မှုများ ရှိနေပြီး အမာခံ ပျူစောထီးများနှင့် စစ်မှုထမ်းဟောင်းအချို့ကို စည်းရုံးကာ မြို့များတွင် စစ်တပ်ထောက်ခံ သူများက သွေးသောက်အဖွဲ့ များ ဖွဲ့စည်းနေသည်ဟု ဒေသခံများထံမှ သိရသည်။