တော်လှန်ရေးအဖွဲ့များက ဆွေးနွေးပွဲများ ကျင်းပရာတွင် လိုအပ်ချက်များအပေါ် အကြံပြုချက်များ ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်။

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်သာ မလုံလောက်သည့်အတွက် ကုလ သမဂ္ဂ၊ နိုင်ငံတကာတို့ ပါဝင်ရန်သာမက သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အစုအဖွဲ့များ အားလုံးပါဝင်ရန်လိုသည်ဟု တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က မေလ ၉ ရက် က ထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်ဦး CNF က ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့က အဲသလိုမျိုး ဆွေးနွေးပွဲကို တကယ်လုပ်ချင်တယ်ဆိုရင် အားလုံး ပါဝင်တဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ် Stakeholder တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်ပြီးတော့မှ ကျနော်တို့ ၂ ဖက်ဆွေးနွေးတဲ့အထဲမှာ ကျနော်တို့ ဒီ UN တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ ကြားဝင်ဖြန်ဖြေပေး တဲ့ အာမခံချက်တစ်ခုပေးနိုင်တဲ့ အဖွဲ့အစည်း နိုင်ငံတကာ အဲ့ဒါကို လိုအပ်ပါတယ်။ ပြီးတော့ ကျနော်တို့ ဆွေးနွေး တဲ့ အခါမှာလည်း ကျနော်တို့ တတိယနိုင်ငံ နိုင်ငံတခုခုပေါ့ အဲဒီမှာ အဲဒီလိုမျိုး ပွင့်လင်းမြင်သာစွာ ကျနော်တို့ ဆွေးနွေးတဲ့ အခင်းအကျင်းမျိုး ဖြစ်သင့်တာပေါ့ နော” ဟုပြောသည်။

မေလ ၉ ရက်နေ့ ထုတ်ပြန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များမှ အစဉ်တစ်စိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်သည် ဟု ဖော်ပြပါရှိသည်။ လက်ရှိ တိုင်းပြည်တွင် ရင် ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းများကို တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဆိုပါက ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်ရန် လိုအပ်သည်ဟု ဆိုသည်။

သို့မှသာ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝန်းတို့မှ ကြားဝင်စေ့စပ်ပေးသည့် မျှတသော တွေ့ဆုံဆွေးနွေး ရေး စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာမည် ဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှတဆင့် မိမိတို့ မျှော်မှန်း သော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက် သွားနိုင်မည်ဖြစ်သည် ဟု ပါရှိသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အင်အားတိုးချဲ့မှုများနှင့် စစ် ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်ကို တွေ့ရသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ သူတို့ အနေနဲ့ က Precondition တွေကို ကျနော်တို့ လုပ်ရလိမ့်မယ်။ အဲဒါကတော့ ဒီနေ့ ထိုးစစ်ဆင်နေတဲ့ သာလွန်အင်အားတွေနဲ့ နောက် ဝေဟင်ပစ်အမြောက်တွေ နောက်ပြီးမှ ကျနော်တို့ ဒီ တိုက်လေယာဉ်တွေနဲ့ ကျနော်တို့ လိုမျိုး ပြည်နယ် တွေမှာပေါ့နော စစ်အင်အားတွေကို စစ်ဆင်ရေးတွေကို လုပ်နေတာကို ရပ်ကိုရပ်တန့်ရမယ်။ နောက် ပြီးမှ ကျ နော်တို့ဆီမှာ စစ်အင်အားတွေ တိုးချဲ့တာပေါ့ တခြားဒေသက စစ်တပ်တွေရော အလုံးအရင်းနဲ့ တိုးချဲ့တာတွေ နောက်ပြီးမှ လူထုတွေရဲ့ အသက်အန္တရာယ် အိုးအိမ်တွေကို ဖျက်ဆီးနေတာတွေ ဒါတွေ အားလုံးက လက်တွေ့ မြေပြင်မှာ ကျနော်တို့ ဖြစ်နေတာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ “ဒါတွေကို အရင်ဆုံး မဖြေရှင်းပဲနဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ပွဲ လုပ်မယ်ဆိုတာက အဓိပ္ပာယ် သိပ်မရှိဘူးပေါ့နော်။ အဲဒါလေးတွေပါ ကျနော်တို့ကတော့ ဒါတွေကို ဒါတွေကို လုပ်ပေးနိုင်ရင်တော့ လုပ်ပေးနိုင်မယ် နောက်ပြီးတော့ ကျနော်တို့ရဲ့ Stakeholder အားလုံးကို ငြိမ်းချမ်းရေး စားပွဲ ပေါ်မှာ အတူတကွ တွေ့ဆုံ ဖြေရှင်းမယ်ဆိုရင်တော့ ဒါကတော့ ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာရှိမှာပေါ့နော်” ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

ထို့အပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ၏ စစ်ဘေးသင့် ပြည်သူလူထုများအား လွတ်လပ်စွာ လူမှုကူညီ ထောက်ပံ့မှုများကို ခွင့်ပြုပေးရန်လည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ဆလိုင်းထက်နီက “အဲဒီမှာ ကျနော်တို့ တကယ်လို့ ဆွေးနွေးဖို့ဖြစ်ခဲ့မယ်ဆိုရင် Precondition ကို ကျနော်တို့က ရှိ ရမှာ ဖြစ်တယ်။ ကျနော်တို့ အချက် ၃ မှာ ပါတဲ့ ဒီ အပစ်အခတ်ရပ်စဲမှုကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ ကျနော်တို့ အခုလက်ရှိ ဖြစ်ရှိ ကြုံတွေ့နေရတဲ့ ပြည်တွင်းမှာ စစ်ဘေး ဒုက္ခ သည်တွေ အားလုံး အိမ်တို့ အိုးအိမ်တို့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေ ဖြေရှင်းနိုင်မယ့် နိုင်ငံတကာ အကူအညီ စသ ဖြင့် အဲဒါကို လွတ်လွတ်လပ်လပ် ဝင်ခွင့်တွေ စသဖြင့်ပေါ့ Precondition တွေကတော့ အများကြီးရှိမှာပါ။ အဲဒီထဲ ကမှ ကျနော်တို့ အချက် တစ်ခု ၂ ခုကို ဖော်ပြတာဖြစ်တယ်။ အဲ့သလိုမျိုး လုပ်ရင်တော့ ဒီအခင်းအကျင်းက ဆက် လက်ပြီးတော့ သွားနိုင်ပါလိမ့်မယ်” ဟုပြောသည်။

ထိုအချက်များကို လုပ်ဆောင်မှု မရှိပဲ ပြုလုပ်မည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲသည် စစ်ကောင်စီက ၎င်းတို့ ရင် ဆိုင်နေရသည့် စစ်ရေး နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံရေး ထွက်ပေါက်တစ်ခု အနေဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များက ဆိုသည်။

လက်ရှိစစ်ကောင်စီက ပြုလုပ်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည့် အဖွဲ့အစည်း ၁၀ ဖွဲ့အထိ ရှိ နေပြီး အဆိုပါအဖွဲ့များမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည် သစ်ပါတီ NMSP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားအထူးဒေသ (အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- NDAA နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက BBC သတင်းဌာနကို ပြောဆိုထားသည်။

ဆလိုင်းထက်နီက “သွားတက်ရောက်မယ့် EAOs အဖွဲ့အစည်းတွေက ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မက် ပဋိပက္ခဖြစ်နေတဲ့ ဒေသက အဖွဲ့အစည်းတွေက အင်မတန်မှ နည်းပါတယ်။ အဲဒါကြောင့် အခုလို သွားဆွေးနွေး တာမျိုးက အဲဒါစစ် ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက် တစ်ခုအတွက် အားပေးနေသလားဆိုတဲ့ဟာ ကျနော်တို့က ထောက်စရာ ဖြစ်နေပါတယ်။ ဒီနေ့ နိုင်ငံရေး ပဋိပက္ခက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒီစစ် ကောင်စီနဲ့ကြား အဲဒီ ၂ ဖက်နဲ့ ဖြေရှင်းလို့ရတဲ့ ပဋိပက္ခ မဟုတ်တော့ဘူးခင်ဗျ။ အဲဒါကြောင့် ကျနော်တို့ အားလုံး ပါ ဝင်တဲ့ ဆွေးနွေးမှု မဖြစ်သေးတဲ့ မဖြစ်တဲ့ ဒီ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကတော့ မင်းအောင်လှိုင် ရဲ့ နိုင်ငံရေး ထွက်ပေါက်တစ်ခု နိုင်ငံတကာ မျက်နှာသာရအောင် လုပ်နေတဲ့ လုပ်ဆောင်မှု အဲ့သလိုပဲ မြင်ပါတယ်။ အဲဒါကြောင့် အဲဒါတွေကို ကျနော်တို့က အနီးကပ် သေချာစောင့်ကြည့်ပြီးတော့ အနီးကပ် တိုင်းရင်းသား လက်နက်ကိုင်တွေကို လည်း အင်မတန်မှ ချင့်ချိန်ဖို့ လိုပါတယ်လို့ ကျနော်ထပ်ပြီးတော့ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက ပြုလုပ်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း တရားဝင်ထုတ်ပြန် ထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ KNPP၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် PSLF/TNLAကလည်း တစ်ဖွဲ့တည်းအနေဖြင့် ဆွေးနွေးပွဲကို တက်ရောက်ရန် မရှိဟု ပြောဆိုထားသည်။

တစ်ဖွဲ့တည်း အနေဖြင့် တက်ရောက်ရန်မရှိသော်လည်း FPNCC အနေဖြင့် တက်ရောက်ရမည်ဆိုပါက FPNCC ၏ ဆုံးဖြတ်ချက် အပေါ်တွင် မူတည်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သတင်းနှင့် မီဒီယာ ကွန်ရက် NMG ကို ပြောဆိုထားသည်။

ရက္ခိုင့် တပ်တော် AA နှင့် ကိုးကန့် တပ်ဖွဲ့ ဖြစ်သည့် မြန်မာ အမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA တို့မှာ သဘောထား ထုတ်ပြန်ခြင်း မရှိသေးပေ။