ဒေသခံများ ကန့်ကွက်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များ ဆက်တည်ဆောက်မှု ပဋိပက္ခများ ဖြစ်လာနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အင်ခိုင်ဘွမ်တောင်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်များ ဆက်လက် တည်ဆောက်နေခြင်းသည် ဘာသာရေးပဋိပက္ခမှ လူမျိုးရေးပဋိပက္ခမျိုးအထိ ဖြစ်ပွားလာနိုင်သည့် အတွက် ဆက်လက်ကန့်ကွက်သွားမည် ဟု ကချင်အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။
မြစ်ကြီးနားမြို့၊ ပလန နယ်မြေအတွင်းက ကချင်တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အင်ခိုင်ဘွမ်တောင်ခြေတွင် တားမြစ်ထားသည့် ကြားက ဗုဒ္ဓရုပ်ပွားတော်များ ဆက်လက် တည်ဆောက်နေသည့်အပေါ် ထပ်မံကန့်ကွက်လိုက်ခြင်း ဖြစ်သည်။
ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် ဆက်ဆံရေးတာဝန်ခံ ဦးဇုဒ်ဒေါ့စောမ်နော်က “မည်သည့်ဘာသာနဲ့မှ မဆိုင်တဲ့ ကချင်တစ်မျိုးသားလုံး အမျိုးသားရေးနဲ့ပဲ ဆိုင်တဲ့နေရာ အထိမ်းအမှတ်နေရာတစ်ခုမှာ သူကဒီလိုမျိုးလာ လုပ်တယ် ဆိုပြီးမှတော့ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ ကချင် တစ်မျိုးသားလုံး အမျိုးသားရေးကို စော်ကားရာ ရောက် တယ်ဆိုတဲ့ ပုံရိပ်ဘဲပေါ့။ ဒါကြောင့် ကျနော်တို့က ဒါလုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး ဆိုပြီးတော့မှ ကန့်ကွက် နေ တာ ဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် NLD အစိုးရ လက်ထက်၊ ၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလတုန်းကလည်း အင်ခိုင်ဘွမ်တောင်တွင် ဉာဏ်တော် ၁၇ ပေ ရှိသည့် ဗုဒ္ဓရုပ်ပွားတော် လာတည်ဆောက်ခဲ့ရာ ကချင်အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။
ကချင်ပြည်နယ်တွင်း လူမျိုးရေးပဋိပက္ခဖြစ်ပွားလာနိုင်သောကြောင့် ဘုရားတည်ခြင်းကို ရပ်တန့်ရန် အချင်းချင်း နှုတ်ကတိကဝတ် ပြုခဲ့ကြသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပြန်လည် ပြုလုပ်လာခြင်းဖြစ်သည် ဟု ကချင်တိုင်းရင်းသား လူငယ်များနှင့် ဒေသခံများက ပြောသည်။
“မလိုအပ်တဲ့ လူမျိုးရေးပြဿနာ မဖြစ်စေဖို့အတွက် မနှစ်ကတည်းကနေ ကျနော်တို့က ကြိုတင်ပြီးတော့လည်း ပြောထားတာ ရှိတယ်။ အဲဒီဟာကို နောက်ပြီးတော့ အဲ့ဒီမှာ မဇ္ဈိမ ကျောင်းထိုင်ဆရာတော်လည်း သူကိုယ်တိုင် လည်း ဆက်မလုပ်တော့ပါဘူး ဆိုပြီးတော့မှ နှုတ်ကတိလည်း ပေးထားခြင်းဖြစ်တယ်။ အဲဒါကိုမှ ဒီတစ်နှစ်ကျော် တစ်နှစ်အတွင်းမှာပေါ့နော် နဂါးရုံရုပ်က ပြန်ပြီးလာတည်တယ် ဆိုကတည်းကနေပြီးတော့ သူပေးထားတဲ့ကတိ လည်း မတည်နိုင်ဘူး” ဟု ဦးဇုဒ်ဒေါ့စောမ်နော် က ဆက်ပြောသည်။
အင်ခိုင်ဘွမ်တောင်သည် ကချင်တိုင်းရင်းသားများ၏ အထင်ကရများထဲမှ တစ်နေရာ ဖြစ်ပြီး ယခုကဲ့သို့ ဌာနေတိုင်း ရင်းသားများ၏ သဘောထားကို ဆန့်ကျင်ပြီး အတင်းဘုရားဆင်းတုတော်များ တည်ဆောက်နေခြင်းသည် အတူ ရှင်တွဲနေထိုင်ကြသည့် ဌာနေတိုင်းရင်းသားများ သဘောထားအမြင်များ ကွဲလွဲအောင် လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ဆိုသည်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Kachin Human Rights Watch) မှ Jacob က “ကျနော်တို့ မြန်မာ နိုင်ငံမှာက လွန်ခဲ့တဲ့အချိန်မှာပဲ ဗုဒ္ဓဘာသာ နိုင်ငံဆိုပြီး လုပ်ခဲ့တယ်။ အခုကျတော့လည်း သူတို့က ဒီဘာသာဝင် တွေ ဘာမှ မရှိတဲ့နေရာမှာလည်း ဒီစေတီတွေထောင်၊ သမိုင်းဝင်အဖြစ် ပြန်ပြီး သတ်မှတ်လာတယ်။ အဲ့လိုဆို တော့ အင်ခိုင်ဘွမ်က ဒီလိုမျိုးသဘာဝပဲ ဘာသာရေးနဲ့ ဘာမှ မဆိုင်တဲ့နေရာ။ အဲ့ချိန်ဆိုတော့ သူတို့က လာလုပ် တာနဲ့ ကချင်ပြည်နယ်အတွက် ဘာသာရေးမဟုတ်ပဲနဲ့ လူမျိုးရေး၊ နိုင်ငံရေးတောင်မှ ဆက်စပ်မှုရှိလာ နိုင်တယ်။ ဒီဘာ သာရေးနဲ့မဆိုင်တဲ့ သမိုင်းနေရာမှာတောင် ဒါမျိုးလာလုပ်တယ်ဆိုတော့ အချင်းအချင်း ပဋိပက္ခရှိလာတယ်” ဟု ပြောသည်။
ထိုသို့ အတူနေသည့် ဘာသာမတူလူမျိုးများကြား ပဋိပက္ခများမှသည် “အဲ့ဆိုတော့ ကျနော်တို့ လိုချင်နေတဲ့ ငြိမ်း ချမ်းရေးပေါ့နော်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖယ်ရယ်ရရှိရေး အမျိုးမျိုးပေါ့။ ဆက်စပ်မှုကတော့ အားလုံးကတော့ ကျနော်တို့ အနှောက်အယှက်ဖြစ်လာနိုင်တယ်။ အဲ့ချိန်ဆိုတော့ ပိုပြီးမှ အချင်းချင်းကြားထဲမှာဖြစ်ဖြစ်၊ အဖွဲ့အစည်း ကြားထဲမှာဖြစ်ဖြစ် ကျနော်တို့ ပိုပြီးမှ ပဋိပက္ခဖြစ်လာနိုင်တယ်။ ဒီလိုမျိုးလုပ်ခြင်းပေါ့နော်” ဟု ဆက်ပြောသည်။
အင်ခိုင်ဘွမ်တောင်တန်းသည် ဘာသာရေးနှင့်မသက်ဆိုင်ဘဲ ကချင်လူမျိုးများ၏ သမိုင်းဝင် အမွေအနှစ်နေရာ ဖြစ်သည်ဟု ကချင် ရိုးရာယဉ်ကျေးမှုနှင့် စာပေအသင်းအဖွဲ့များက ပြောသည်။
ထို့သို့ ဘာသာရေးနှင့် မသက်ဆိုင်ပဲ အမျိုးသားရေးနှင့်သာ သက်ဆိုင်သည့် နေရာဖြစ်သည့်အတွက် အဆိုပါနေရာ အနီးတဝိုက်တွင် ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်များ အများစု နေထိုင်ကြသော်လည်း ခရစ်ယာန်ဘာသာနှင့် သက်ဆိုင်သည့် မည်သည့်အမှတ်အသားကိုမှ ပြုလုပ်ထားခြင်းမျိုး မရှိဘူးဟု သိရသည်။
ထိုကြောင့် ဘာသာရေး အမှတ်အသားများ ဆက်လက်ပြုလုပ်ပါက နိုင်ငံတော်ဝန်ကြီးဌာနများနှင့် တွေ့ဆုံကာ ရုံး ပိုင်းဆိုင်ရာ ဥပဒေများအရ လုပ်ဆောင်သွားမည်ဟု ဦးဇုဒ်ဒေါ့စောမ်နော် က ဆက်ပြောသည်။
“တကယ်လို့ သူတို့က အဲလိုမျိုးမလုပ်ဘဲနဲ့ ဆက်ပြီးလုပ်လို့ ရှိရင်တော့ ကျနော်တို့ ခုဏကအတိုင်းဘဲ သူတို့သာသ နာရေး ဝန်ကြီးဌာနနဲ့ ကျနော်တို့ တွေ့ဆုံသွားမယ်။ အဲ့ပြီးလို့ ရှိရင် ဆိုင်ရာဆိုင်ရာ လမ်းကြောင်းတွေနဲ့ ကျနော်တို့ တွေ့မယ်။ တွေ့ဖို့တော့ အဲလိုမျိုးစီစဉ်သွားမှာပေါ့။”
NLD အစိုးရလက်ထက်အပြင်၊ စစ်ကောင်စီလက်ထက်တွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ဆင်းတုတော်များ၊ ဘုရားများ လာတည်နေသည့် အင်ခိုင်ဘွမ်တောင်သည် ကချင်တိုင်းရင်းသား လူမျိုးများ၏ သမိုင်းနှင့် ပထဝီ အမွေ အနှစ်နေရာ တစ်ခုဖြစ်သည့်အပြင် ၂၀၁၇ မှ စတင်၍ ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းရေး ဥပဒေအရ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် နေရာလည်း ဖြစ်သည်။
ထို အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်အတွင်း ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များ တည်နေခြင်းသည် လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေနိုင်သည်အတွက် မေလ ၂ ရက်တွင် ကချင်အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့ က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။