အပ်ငွေ အသစ်များ ထုတ်ယူနိုင်ပြီဟု ကြေညာချက်ကို လူထုမှ မယုံကြည်နိုင်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်။
အပ်ငွေများ အကန့်အသတ်မရှိ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ကြေညာသော်လည်း သုံးစွဲသူများ က ယုံကြည်မှု မရှိ ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲ အားလုံးတွင် ပြည်သူများ၏ ယခင်အပ်ငွေ စာရင်းဟောင်းများဖြစ်သည့် စာရင်း ရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေနှင့် ခေါ်ယူအပ်ငွေတို့ကို ရက်ချိန်း မလိုဘဲ အကန့်အသတ်မရှိ ထုတ်ယူနိုင်ပြီ ဖြစ် ကြောင်း မေလ (၁၇) ရက်နေ့တွင် ဘဏ်မှ ကြေညာလိုက်ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ် ဒီနေ့ပဲ(မေလ ၁၇ ရက်နေ့) ကြေညာထားတာပါ။ ဒါပေမယ့် ATM နဲ့ ချိတ်ဆက်ထားတဲ့ အပ်ငွေ နဲ့ လတ်တလောမှ စာရင်းလွှဲပြောင်းထားတဲ့ အပ်ငွေတွေတော့ မပါသေးပါဘူး” ဟု ဘဏ်ဝန်ထမ်း တစ်ဦးက ပြောသည်။
ကမ္ဘောဇဘဏ် အနေဖြင့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ယမန်နှစ် ဧပြီလမှစတင်၍ သုံးစွဲသူများကို ဦး ရာလူ တန်းစီစနစ်ဖြင့် တစ်ဦးလျှင် ကျပ်နှစ်သိန်းသာ ထုတ်ပေးခဲ့ခြင်းကြောင့် ထိုကာလမှစတင်ပြီး လက်ရှိ အချိန် အထိ ရာခိုင်နှုန်းဖြင့် ငွေသား လဲလှယ်ရသည့် မှောင်ခိုဈေးကွက်များ ရှိနေဆဲ ဖြစ်သည်။
ယခု ကမ္ဘောဇဘဏ်မှ အဆိုပါ ကြေညာချက်အား ယုံကြည်မှု မရှိကြောင်း သုံးစွဲသူများက ဆိုသည်။
တောင်ကြီး ကမ္ဘောဇဘဏ် ရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသော ပြည်သူတစ်ဦးက “ဒီနေ့အပ် ဒီနေ့ ပြန် ထုတ် လို့ရတယ်လို့ ပြောလည်း ကျနော်တို့ မယုံကြည်နိုင်တော့ဘူး။ အရင် တန်းစီရတုန်းက ငွေထုတ်ဖို့ မနက် ၃ နာရီ ထသွားရတယ်။ နိုင်ငံမရေး မတည်ငြိမ်သေးသရွေ့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ကိုင်ထားတာလောက် စိတ် ချရတာ ဘာမှမရှိဘူး။ ရာခိုင်နှုန်း အများကြီး ပေးထုတ်ရဖူးတော့ ထပ်ဖြစ်လာမှာ ကြောက်တယ်” ဟု ပြော သည်။
လက်ရှိ အချိန်တွင် ကမ္ဘောဇဘဏ်ခွဲ အသီသီး၏ စီမံခန့်ခွဲမှုအပေါ် မူတည်၍ ဖုန်းတိုကင်စနစ် ၊ လူကိုယ်တိုင် (၂) ပတ်ခြားတစ်ခါ ထုတ်ယူရသည့် စနစ် စသည့်စနစ်များဖြင့် သုံးစွဲသူများအား ငွေသားများ ထုတ်ပေးနေသော် လည်း ဈေးကွက်တွင် ငွေသားလိုအပ်ချက်များ ရှိနေသေးသောကြောင့် ရာခိုင်နှုန်းဖြင့် လဲလှယ်သည့် ဈေးကွက် မှာ ပပျောက်ခြင်း မရှိသေးကြောင်း သုံးစွဲသူများက ဆိုသည်။
ထို့ပြင် အချို့ဈေးဆိုင်များတွင် E Money ဖြင့် ငွေပေးချေရသည့် KBZ Pay ဝန်ဆောင်မှုများ ရှိပြီး ထိုကဲသို့ စား သုံးသူများမှ KBZ Pay ဖြင့် ပေးချေရသည့် ငွေစာရင်းများကို ဆိုင်ရှင်များက ဘဏ်တွင် လွယ်ကူစွာ ထုတ်ယူနိုင် ကြသော်လည်း ငွေသား လိုအပ်ချက်အရ ရာခိုင်နှုန်းလဲလှယ်သော ဈေးကွက်မှာ ရှိနေဆဲဖြစ်သည်ဟု သုံးစွဲသူ များက ပြောသည်။
အဆိုပါ ရာခိုင်နှုန်းဖြင့် ငွေသား လဲလှယ်သည့် မှောင်ခို ဈေးကွက်မှာ အာဏာသိမ်းလိုက်ချိန် ကာလ အစောပိုင်း ဘဏ်ဝန်ထမ်းများ CDM လုပ်ခဲ့သည့် အချိန်ကာလတွင် နေရာဒေသပေါ် မူတည်၍ ၁၀% ခန့် ဈေးပေါက်ခဲ့ရာမှ နောက်ပိုင်း ဘဏ်များ ပုံမှန် ပြန်လည်ပတ်လာသည့် အချိန်တွင် ၅% အထိ ဈေးကျလာပြီး ယခု သုံးစွဲသူများ တို ကင်ရယူမှု အနည်းငယ် လွယ်ကူလာသည့်အချိန်တွင် ၂% မှ ၃% အထိသာ ပေးရတော့သည်ဟု သိရသည်။
ကမ္ဘောဇဘဏ်၌ လက်ရှိ အချိန်တွင် တိုကင်စနစ်များ လွယ်ကူလာပြီ ဖြစ်သော်လည်း KBZ Pay မှ ငွေသားထုတ် ယူမည် ဆိုပါက ဝန်ဆောင်ခ အနေဖြင့် သုံးစွဲသူများမှ KBZ Pay Center အား ၀.၈% ပေးရသည်ဟု ဆိုသည်။
ကမ္ဘောဇဘဏ်အပြင် မြန်မာနိုင်ငံတွင်း ဘဏ်များအားလုံးမှာ ယမန်နှစ် စစ်အာဏာသိမ်းလိုက်သည့်နောက် မေလ လယ်မှစတင်၍ လက်ရှိအချိန် အထိ ATM ဝန်ဆောင်မှုမှာ ပိတ်သိမ်းထားပြီး နိုင်ငံခြားငွေ လဲလှယ်သည့် ဝန် ဆောင်မှုမှာလည်း စစ်ကောင်စီ၏ ညွန်ကြားချက်အရ ရပ်ဆိုင်းထားရကြောင်း သုံးစွဲသူများနှင့် ဘဏ်ဝန်ထမ်းများ က ပြောသည်။