လောင်းလုံး စွန်ရဲ ဗျူစောထီးကား တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီး ၈ ဦး လိုက်ပါလာ သည့် Vigo ကားတစ်စီး ကင်းလှည့်လာစဉ် တိုက်ခိုက်ခံခဲ့ရကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများ က ပြောသည်။
လောင်းလုံးမြို့နှင့် အင်းဇောက်ရွာအကြား လမ်းပိုင်းတွင် မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“သေနတ်သံတွေက အချက် သုံးလေးဆယ်လောက်ရှိတယ်။ ငါးမိနစ်လောက်ပဲကြာတယ်” ဟု အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပန်းဒလဲကျေးရွာအခြေစိုက် စွန်ရဲ ပျူစောထီးအဖွဲ့ကို လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ( ပ.ကဖ-လောင်းလုံး) နှင့် Dawei Defense Team – DDT တပ်ခွဲ (၃) ( ပ.က.ဖ-ထား ဝယ် )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
ပစ်ခတ်မှုအတွင်း စွန်ရဲအဖွဲ့က တစ်ဦးကျည်ထိမှန်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က ထိခိုက်မှု တစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယခုပစ်ခတ်ခံရသည့် စွန်ရဲအဖွဲ့သည် ပန္ဒလဲကျေးရွာတွင် ဧပြီ ၂၈ ရက်နေ့ နှင့် မေလဆန်းပိုင်းက NLD ပါတီဝင် များနှင့် ထောက်ခံအားပေးသူတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ရာတွင် ပါဝင်သူများ ဖြစ်ကြပြီး သတ်ဖြတ်ခံရသူများ အနီးတွင် စွန်ရဲတံဆိပ်ချန်ထားလေ့လည်း ရှိသည်ဟု ဒေသခံများကပြောသည်။
စွန်ရဲအဖွဲ့ မေလ ၁၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံရမှုသည် ကျေးရွာနေ ပြည်သူများနှင့် လုံးဝ မသက်ဆိုင် ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် မိဘပြည်သူများ အနေဖြင့် မဖြစ်မနေ ခရီးသွားလာပါကလည်း စစ်ကောင်စီကားများ၊ ပျူစောထီး ကားများ နှင့် ဝေးရာမှ သွားလာပေးကြရန် အထူးထပ်ဆင့် မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည်သွင်း ဖော်ပြထားသည်။