လောင်းလုံးတွင် စစ်ကောင်စီကား ပစ်ခတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် ဆိုင်းဘုတ်အနီး ဂိတ် စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကား ပစ် ခတ်ခံရပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် နှစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် WELCOME TO LAUNG LONE (လောင်းလုံးမြို့မှ ကြိုဆိုပါ၏) ဆိုင်းဘုတ်အနီး သဗျာကျေးရွာ မူကြို ကျောင်းအရှေ့ရှိ စစ်ဆေးရေးဂိတ်အား စစ်ဆေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ကားတစ်စီး အား ဒေသခံ PDF အဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။
အသက် ၄၅ နှစ်အရွယ် ဒေသခံတစ်ဦးက “သေနတ်သံတွေက အချက် သုံးလေးဆယ်လောက် အပြန်အလှန် ပစ် နေတာကြားရတယ်။ စစ်တပ်က ပုံမှန် လာစစ်နေကြဆိုတော့ PDF တွေက ကြိုစောင့်နေတာဖြစ်မယ်” ဟု ပြော သည်။
မေလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦး ကျော်ခန့် လိုက်ပါ လာသည့် ကားကို ပြည်သူ့ပန်းတိုင်ပျောက်ကြားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန် ၁၀ မိနစ်ခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
PDF အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ပန်းတိုင် ပျောက်ကြားအဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိပဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထား
သည်။ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ကားဘီးပေါက်ကာ ထိုးရပ်သွားခဲ့သည်ဟုလည်း ဆိုသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာရှိ စစ်ဆေးရေးဂိတ်သည် ယခင်က ခရီးသွားလာသူများအား မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာနှင့် COVID ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်များ စစ်ဆေးလေ့ရှိခဲ့သည့် ဂိတ် ဖြစ် သည်။
ထိုဂိတ်သည် ဇန္နဝါရီလ အတွင်းကလည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရှာဖွေစစ်ဆေးမှုများကို ရပ်နားထားခဲ့ သည်ဟု သိရသည်။
ထို့နောက် မေလ နောက်ဆုံးအပတ်မှ စတင်၍ အဆိုပါဂိတ်နေရာတွင် ခရီးသည်များကို COVID ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်များနှင့် ဆိုင်ကယ်၊ ကားလိုင်စင်များကို ပြန်လည် စစ် ဆေး ရှာဖွေမှုများပြုလုပ်လာသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။
မေလ ၂၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အခြားစစ်ကားတစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည် ။