ရဲလူထွက် ပျူစောထီ သေနတ်ပစ်ခံရပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်။

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကြံ့ခိုင်ရေးပါတီအမာခံ၊ ပျူစောထီးအဖွဲ့ဝင်၊ ရဲလူထွက် တစ်ဦး ပစ်ခတ်ခံ ရပြီး ဆေးရုံသို့ပို့စဉ် သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။

ရဲလူထွက် တစ်ဦးဖြစ်သူ ဦးမြင့်လွင်သည် မေလ ၂၉ ရက်နေ့၊ ညဦးပိုင်းက သေနတ်ပစ်ခံရပြီး ဆေးရုံပို့စဉ် သေဆုံး ခဲ့သည်။

အသက် ၄၅ နှစ်အရွယ် စျေးသည် တစ်ဦးက ”ပုလိပ်ထွက်ဗျ၊ ပုလိပ်ကျင့် ပုလိပ်ကြံပြီး ဟိုလူ့ဖမ်း ဒီလူ့ဖမ်းခိုင်းနဲ့ အဲ့ဒါကြောင့် ဖြစ်သွားတာ” ဟု ပြောသည်။

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အေးမြသာယာဆေးရုံ အနီး ကိုရီးယားအကင် ရောင်းနေ စဉ် သေနတ်ဖြင့် ၄ ချက်ခန့် အပစ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

ဦးမြင့်လွင်သည် ရဲတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ပြီး ရဲသတင်းပေးအဖြစ် ဆက်လက်လုပ်ကိုင်နေရင်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံ ဖြစ်ကာ၊ အေးမြသာယာမြို့သစ်ရှိ NLD ဆိုင်းဘုတ်ကို ဦးဆောင် ဖြုတ်ချခဲ့သူလည်း ဖြစ်သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြင့်လွင်၏ သတင်းပေးမှုကြောင့် အထောက်အထား မခိုင်လုံဘဲ ဖမ်းဆီးခံ ရသည့် လူငယ်အများအပြားရှိသည် ဟုဆိုသည် မြို့ခံများက ပြောသည်။

ဦးမြင့်လွင် ပစ်ခတ်မှုကို သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။