တောင်ကြီး ဆေးတက္ကသိုလ်ဝန်းအတွင်း နှိပ်စက်ခံထားရပြီး နားရွက်ပြတ်နေသူ၏ အလောင်းတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဆေးတက္ကသိုလ် ဝန်း အတွင်းတွင် တစ်ကိုယ်လုံး နှိပ်စက်ဒဏ်ရာများ အပြည့်ဖြင့် နားရွက်ပြတ်နေသည့် အလောင်းတွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
တောင်ကြီးမြို့၊ GE ဆောက်လုပ်ရေး အင်ဂျင်နီယာ စစ်တပ်ဝင်းနှင့် ကပ်ရပ်ဖြစ်သည့် ဆေးတက္ကသိုလ်ဝန်းထဲရှိ အမျိုးသမီးအဆောင်၏ အပြင်ဘက် ရွှေဘုန်းပွင့်ဘုရား တောင်တက်လမ်းဘေးတွင် အဆိုပါ အလောင်းကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
ရွှေတောင်ရပ်ကွက် ဒေသခံတစ်ဦးက “၂၈ ရက် ည (၈) နာရီလောက်က လူတစ်ယောက် ဖုန်းဆက်ပြီး ခေါ်လို့ အပြင် ထွက်သွားတာပါ။ အဲ့ဒီ ညကတည်းက သူပျောက်သွားတာပဲ။ အလောင်း ပြန်တွေ့တဲ့ မနက်ကတော့ နား ရွက် နှစ်ဖက်လုံး ဖြတ်ခံထားရတယ်။ တစ်ကိုယ်လုံး နှိပ်စက်ထားတဲ့ ဒဏ်ရာအပြည့်ပဲ။ ဖုန်းပဲ ယူသွားတယ်။ လက်စွပ် ဆွဲကြိုး တစ်ခုမှ ယူမသွားဘူး။ သူက ဒလန်လည်း မဟုတ်ဘူး။ နိုင်ငံရေးလည်း မလုပ်ဘူး။ ငွေတိုးချေး စားတယ်” ဟု ပြောသည်။
မေလ (၃၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်က တွေ့ရှိခဲ့သည့် အလောင်းမှာ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် နယ်မြေ (၄) တွင် နေထိုင်သူဖြစ်ပြီး အသက် ၄၀ ကျော် အရွယ် ကိုအောင်မျိုး ဖြစ်သည်ဟု အမည်မဖော်လိုသူ အိမ်နီးချင်း တစ်ဦးက ပြောသည်။
အဆိုပါ အလောင်းကို တွေ့ရှိသည့် နံနက်ကတည်းက ရဲနှင့်စစ်သားများ သယ်ဆောင်သွားကြပြီး တရားခံကို စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဟု ရဲတပ်ဖွဲ့က ပြောသည်။
အလောင်းအား တွေ့ရှိချိန်တွင် သေဆုံးသူထံမှ လက်ဝတ်လက်စားများ ယူသွားခြင်းမရှိပဲ ဖုန်းတစ်မျိုးတည်းသာ ယူသွားသည်ဟု ဆိုကြသည်။ သေဆုံးသူမှာ ငွေတိုးချေးစားသူ ဖြစ်သောကြောင့် အကြွေးပြန် မပေးနိုင်သူများက ရန်ငြိုးကြောင့် သတ်သွားခြင်း ဖြစ်နိုင်သည်ဟု ရွှေတောင်ရပ်ကွက်အတွင်း နေထိုင်သူများက သုံးသပ် ပြောဆိုနေကြသည်။
“ညအချိန်မတော် ဖုန်းဆက်ခေါ်တာနဲ့ လိုက်သွားတယ် ဆိုကတည်းက လူရင်း ဖြစ်လို့ပေါ့။ ည ၈ နာရီကျော်ရင် တောင်ကြီးမြို့က လူပြတ်ပြီလေ။ ခေတ်ကာလလည်း မကောင်းဘူး။ သတ်တဲ့ လူကလည်း လူရင်းဖြစ်လို့ ဖုန်းပဲ ယူသွားတာပေါ့။ ဖုန်းမှတ်တမ်း ကျန်ခဲ့တာကိုလည်း သိလို့ပေါ့။ မဟုတ်ရင် ဖုန်းထားခဲ့ပြီး လက်ဝတ်လက်စားပဲ ယူမှာပေါ့” ဟု သေဆုံးသူအိမ်၏ တစ်လမ်းကျော်တွင် နေထိုင်သူတစ်ဦး က ပြောသည်။
အဆိုပါ အလောင်းအားတွေ့ရှိသည့် ဆေးတက္ကသိုလ်မှာ GE ဆောက်လုပ်ရေး စစ်တပ်ဝင်းနှင့် ကပ်ရပ် ဖြစ်သည့် အပြင် ထိုနေရာမှ (၃) ကီလိုမီတာခန့်သာဝေးသည့် က.ည.န ရုံးနေရာတွင် ရဲနှင့် စစ်သားများက ညစဉ် ညတိုင်း ကင်းပုန်း စောင့်နေကြသည်ဟု ဒေသခံများက ပြောသည်။
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့တုန်းကလည်း ရွှေဘုန်းပွင့်ဘုရား တောင်တက်လမ်းဘေး ဆေးတက္ကသိုလ် နှင့် ကပ်ရက် ဖြစ်သည့် GE ဆောက်လုပ်ရေး စစ်တပ်လိုင်းခန်းတွင် ဒု-အရာခံဗိုလ်၊ တပ်ကြပ်ကြီး၊ ကလေးအမေ နှင့် ၎င်း၏ ကလေးတို့ (၄) လောင်းပြိုင် အသတ်ခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့ပြီး ယနေ့အချိန်အထိ တစ်စုံတစ်ရာ ဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။