ကော့သောင်း နယ်စပ် ပြန်ဖွင့်၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြင့် ကူးနိုင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်။
COVID-19 ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်အကြာ ပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သည့်
ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ပြန်ဖွင့်ထားပြီး ကာကွယ်ဆေး ထိုးထားသူများ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ဖြင့် သွားလာနိုင်ပြီဟု ဒေသခံများက ပြောသည်။
COVID-19 ရောဂါကြောင့် နှစ်နှစ်ကျော်အကြာ ပိတ်ထားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အတွင်းက မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်သည့် ကော့သောင်း-ရနောင်းဂိတ်ကို ဇွန်လ ၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဟု ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးထံမှ သိရ သည်။
ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး တာဝန်ရှိသူ တစ်ဦးက “စဖွင့်တဲ့ ရက် ကတော့ ကော့သောင်းစာအုပ် Border Pass (နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် အပြာ)နဲ့ ထိုင်း ဘက်ဝင်သွားသူ လင်မယားနှစ်ဦးပဲ ရှိသေးတယ်။ ထိုင်းဘက်က ဝင်မလာကြသေးဘူး၊ မြန်မာနဲ့ ထိုင်းနိုင်ငံသားပဲ နှစ်နိုင်ငံ သဘောတူညီချက် ရသေးတယ်။ ကျန်တဲ့ တခြားနိုင်ငံသားတွေ လက်မခံသေးဘူး” ဟု ပြောသည်။
ကော့သောင်းမြို့ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ နယ်စပ်ဂိတ်ကို လက်ရှိအနေထားတွင် Border Pass နှစ်နိုင်ငံ သဘောတူ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ဖြင့် ထိုင်းနိုင်ငံသို့ နှစ်ညအိပ်၊ သုံးရက်ခရီးဖြင့် ဝင်ထွက်ခွင့် စတင်ရရှိပြီဖြစ်သည်ဟု သိရသည်။
တံဆိပ်တုံးထုခ အဖြစ် မြန်မာဘက်ခြမ်းတွင် ကျပ်ငွေ ၃၀၀ ကျသင့်မှာဖြစ်ပြီး ထိုင်းဘက်ခြမ်း ပါနန်စစ်ဆေးရေး ဂိတ်တွင် ထိုင်းဘတ်ငွေ ၁၀၀ ကျသင့်မည်ဖြစ်သည်ဟု အထက်ပါ လဝကရုံး တာဝန်ရှိသူက ဆက်ပြောသည်။
လတ်တလောတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား ၆/ကသန (နိုင်) ပြုလုပ်ထားသည့် အိမ်ထောင်စုရှိသူများကိုသာ တစ်လလည်ပါတ် သွားလာနေထိုင်ခွင့် Border Pass စာအုပ်ပြာ ပြုလုပ်ပေးနေပြီး အဆိုပါ သွားလာခွင့် စာအုပ်ရှိ မှသာ ကောင့်သောင်းဒေသခံများအနေဖြင့် ဖြတ်သန်းသွားလာခွင့်ရမည်ဟု သိရကြောင်း မြို့ခံ အချို့က ပြော သည်။
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်က အမျိုးသားတစ်ဦးက “အခုက ကော့သောင်းနယ်ခံတွေလောက်ပဲ ခွင့် ပြုသေးတာ။ အခြေအနေတွေ သေချာလေ့လာပြီးမှ လာကြစေချင်တယ်။ ထိုင်းဘက်က ကူးလာရင် quarantine ၃ ရက်ဝင်ရမယ်လို့လည်း ကြားရတယ်။ ထိုင်းဘက်အခြမ်းတော့ မသိဘူး” ဟု ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံဘက်သို့ လာရောက်ကြမည့်သူများ အနေဖြင့် ကျန်းမာရေးအာမခံ၊ COVID-19 ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးသည့် လက်မှတ်ပြရမည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးထားပါက ကွာရန်တင်း ၃ ရက် (သို့မဟုတ်) ၅ ရက် နေထိုင်ရမည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ကော့သောင်း ဒေသခံများက ပြောသည်။
နယ်စပ်ဂိတ် ပြန်ဖွင့်ပေးလိုက်သည့် အတွက် ကော့သောင်းမြို့က ရေလမ်းခရီးအသုံးပြုပြီး ငါး၊ ပုဇွန်နှင့် ရေထွက် ပစ္စည်းများ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့ရောင်းချသွားနိုင်မှာ ဖြစ်ပြီး ထိုင်းဘက်အခြမ်းမှ စက်သုံးဆီ၊ မီးဖို ချောင်သုံးဂက်စ်၊ မီးဖိုချောင်သုံး အခြားပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အသီးအနှံများ ပြန်လည် တင်သွင်း ရောင်းဝယ်သွားမည်ဟု ဒေသခံများက ပြောသည်။
ထို့အကြောင့် ဒေသတွင်း ပြည်သူများနေဖြင့် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နိုင်ကြတော့မည် ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်မို့ ဒေသခံများက ဝမ်းပန်းတသာ ရှိနေကြသည်ဟု သိရ သည်။