KIO အုပ်ချုပ်ရေး ဒေသ ဆယ်တန်း အောင်စာရင်းများ ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးဌာန၏ အထက်တန်းစာမေးပွဲတွင် ကျောင်းသူ/သား ၇၁ ရာခိုင်နှုန်းနှင့် အထက် အောင်မြင်သည်ဟု ဇွန်လ ၆ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်လိုက်သည်။
ဇွန်လ ၆ ရက်နေ့ ဒီနေ့မှာ ထွက်လာတဲ့ KIO ပညာရေးဌာနရဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် စာစစ်ဌာန ၉ နေရာမှ ကျောင်းသူကျောင်းသား ၂၁၉၂ ဦး ဖြေဆိုရာ စုစုပေါင်း ၁၆၈၀ ဦး အောင်မြင်ခြင်း ဖြစ်သည်ဟု ဇွန်လ ၆ ရက်နေ့ KIO ပညာရေးဌာန တာဝန်ရှိသူက ပြောသည်။
KIO ပညာရေးဌာနရဲ့ အတွင်းရေးမှူး မရစ်နော်ထွယ်က “၁၆၈၀ အောင်တယ်။ သူတို့ရဲ့ ပညာရေး အခွင့်အလမ်း ကတော့ မိုင်ဂျာယာန်ကောလိပ်ရှိတယ်။ မိုင်ဂျာယာန်မှာ ဆရာအတတ်သင်ရှိတယ်။ တက်လို့ရပါတယ်။ နောက် ပြီးတော့ ကျနော်တို့ လိုင်ဇာမှာရှိတဲ့ ဆေးကျောင်းတက်လို့ရတယ်။ နောက်ပြီး စိုက်ပျိုးမွေးမြူရေးကျောင်း လည်း ရှိတယ်။ အဲ့ဒီမှာလည်း တက်လို့ရတယ်။ အုပ်ချုပ်ရေးမှူး သင်တန်းလည်း တက်လို့ရတယ်။ ကျနော်တို့ KIO ဗိုလ်သင်တန်းကျောင်းလည်း တက်လို့ရတယ်။ higher တွေတက်ဖို့ကျောင်းတွေပေါ့။ နောက်ပြီးတော့ မိုင်ဂျာယန်မှာလည်း အိုင်လပ်ရှိမယ်။ နောက်ပြီး Law Academy ရှိတယ်” ဟု ပြောသည်။
KIO ပညာရေးဌာနလက်အောက်တွင် အခြေခံပညာသင်ကျောင်း၊ အဆင့်မြင့်ပညာသင် ကျောင်းများရှိသည့် အပြင် ထူးချွန်သည့် အပေါ်မူတည်၍ အချို့ကျောင်းသားများကို နိုင်ငံတကာနှင့် ချိတ်ဆက်ကာ ပညာသင်ကြားခွင့် ဆက်ရရှိသွားသူများလည်း ရှိသည်ဟု KIO ပညာရေးဌာနက တာဝန်ရှိသူက ဆက်ပြောသည်။
မရစ်နော်ထွဲ က “IED program မှာ ဝင်ပြီးတော့ တခြားနိုင်ငံရပ် ခြား ဒေသတွေမှာလည်း ပညာရေးနဲ့ ပတ် သက်ပြီး International တက္ကသိုလ်တွေမှာ ဝင်ပြီးတော့ ပညာဆက် လက် ဆည်းပူးနေတဲ့ လူတွေလည်း ရှိပါ တယ်” ဟု ပြောသည်။
KIO ပညာရေးဌာန အောက်ရှိ အထက်တန်းကျောင်းများမှ စာမေးပွဲအောင်မြင်သည့် ကျောင်းသူ/သားများသည် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့နှင့် ဌာနချုပ် လိုင်ဇာရှိ အဆင့်မြင့်ပညာသင်ကျောင်းများတွင် ကျောင်း ဆက်တက် ဆည်းပူးခွင့်ရှိသည်ဟု အတွင်းရေးမှူး မရစ်နော်ထွဲက ပြောသည်။
အထက်တန်းကျောင်း အောင်မြင်သောကျောင်းသူ/သားများက Mai Ja Yang College, Mai Ja Yang Institute Of Education (IED), Institute of Liberal Arts and Sciences (Mai Ja Yang), Federal Law Academy နှင့် အခြားသော အဆင့်မြင့်ပညာသင်ကျောင်းများကို KIO ထိန်းချုပ်နယ်မြေအတွင်းရှိ မိုင်ဂျာယာန်နှင့် လိုင်ဇာတို့တွင် ဖွင့်လှစ်ထားသည်။
ထိုအဆင့်မြင့် ပညာသင်ကျောင်းမှ ဆင်းလာသည့် ကျောင်းသူ/သားများမှာ “လုပ်ငန်းကိုင်ငန်းနဲ့ သူ့တို့ရဲ့ အခွင့်အ လန်းကတော့ ဒီကျနော်တို့ KIO ဒေသအတွင်းမှာ ဝန်ထမ်းတွေ လုပ်လို့ရတယ်။ နောက် NGO ရုံးတွေမှာ လုပ်လို့ ရမယ်။ သင့်တော်တဲ့ ဘာသာရေးအသင်းအဖွဲ့တွေမှာလည်း လုပ်လို့ရမယ်။ အဓိကတော့ ကျနော်တို့ KIO က ဆယ်တန်းအောင်သွားတဲ့ ကလေးတွေက မိုင်ဂျာယာန်မှာရှိတဲ့ ဆရာအတတ်သင်မှာ တက်ပြီးတော့ လက်တွေ့ ကျောင်းဆရာလုပ်ငန်းဝင်နေတာလည်း အများကြီးဖြစ်ပါတယ်။ “ ဟု မရစ်နော်ထွဲ က ပြောသည်။ “Law Academy က ကျောင်းတက်ပြီးတဲ့ လူတွေလည်း နိုင်ငံအတွင်းမှာရှိတဲ့ တခြားအဖွဲ့အစည်းတွေ မှာလည်း တာဝန်ထမ်းဆောင်နေတဲ့လူတွေလည်း ရှိပါတယ်”
မိုင်ဂျာယာန်တွင် ဖွင့်ထားသည့် ဆရာအတတ်သင်ကျောင်းနှင့် လိုင်ဇာရှိ ဆေးကျောင်း (သူနာပြုကျောင်း) က ဆင်းလာသူများအနေဖြင့်လည်း KIO ဌာနချုပ်အပြင် KIO ထိန်းချုပ်နယ်မြေများနှင့် နယ်စပ်ဒေသတစ်လျှောက်ရှိ ကျေးရွာများက သက်ဆိုင်ရာ ဌာနများတွင် ပြန်ပြီး အလုပ်ဝင်လုပ်သူ အများအပြားရှိနေပြီဟု KIO ပညာရေးဌာနထံ မှ သိရသည်။
KIO ပညာရေးဌာနတွင် လက်ရှိနိုင်ငံရေးအခြေအနေအပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ် ဖွဲ့ဖြစ်သည့်အတွက် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် အခက်အခဲအများအပြား ရှိနေသော်လည်း ကချင် ပြည်သူများအားလုံး ပညာသင်ခွင့် ရရှိနိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု မရစ်နော်ထွယ် က ပြောသည်။
ယနေ့ အောင်စာရင်းထုတ်ပြန်လိုက်သည့် ၂၀၂၁ – ၂၀၂၂ ခုနှစ် ပညာသင်နှစ်ကို COVID-19 ကပ်ရောဂါကြောင့် KIO ပညာရေးဌာနက ၄ လ ပြတ်ဖြင့် သင်ကြားပို့ချပေးပြီး ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။ KIO ဗဟိုဌာနချုပ် လိုင် ဇာမြို့နယ်ရှိ လိုင်ဇာအထက်တန်းကျောင်းက ကျောင်းသူ/သား ၂၉၈ ဦး၊ အလန်ဘွမ် အထက်တန်းကျောင်း က ၄၉၇ ဦး၊ KIO တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်မြို့နယ်ရှိ မိုင်ဂျာယန် အထက်တန်းကျောင်းက ၂၈၀ ဦး၊ အင် ဘာပါ အထက်တန်းကျောင်းက ၁၃၀ ဦး၊ မုန်မြစ်ဆင်လီ အထက်တန်းကျောင်းက ၂၇၂ ဦး အောင်မြင်ခဲ့သည်။
ထို့အပြင် KIO တပ်မဟာ (၁) ဌာနချုပ် အင်ဂွမ်လ အထက်တန်းကျောင်းက ၁၂၈ ဦး၊ ချီဖွေ အထက်တန်းကျောင်း က ၁၂ ဦး၊ KIO တပ်မဟာ (၃) ဌာနချုပ် လောဒ့်အောင် အထက်တန်းကျောင်းက ၂၄ ဦးနှင့် KIO တပ်မဟာ (၄) ဌာနချုပ် မုန်ဘော် အထက်တန်းကျောင်းက ၃၆ ဦး စုစုပေါင်း ၁၆၈၀ ဦး အထက်တန်းအောင်မြင်သည်ဟု KIO ပညာရေးဌာနက ထုတ်ပြန်လိုက်သည်။