ဖယ်ခုံဒေသ ကိုယ်ထူကိုယ်ထ ကျောင်းများ ဖွင့်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ အလယ်ကယန်းဒေသရှိ ဖယ်ခုံမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် ကယန်းပညာရေး ဘုတ် အဖွဲ့မှ စစ်ဘေးရှောင် ကလေးများအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ပြန်ဖွင့်မည်ဟု အဖွဲ့တာဝန်ရှိ သူများက ပြောသည်။
ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ဇွန်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု ကယန်းပညာရေး ဘုတ် အဖွဲ့ဝင် CDM ဆရာမ တစ်ဦးက ပြောသည်။
အလယ်ကယန်းဒေသရှိ CDM ဆရာမ ဒေါ်မီးမီး က “အခုက ကယန်းပြည်သစ် အဖွဲ့အစည်းနဲ့ ဒေသခံတွေ လုပ် ပေးတာပေါ့။ NUG အထောက်အပံ့က မရသေးဘူး။ ကိုယ်ထူ ကိုယ်ထ အနေနဲ့ သွားမယ်။ ဒီနှစ်က Grade-8 နဲ့ Grade-5 အသစ်ထွက်တယ်လေ။ အဲဒီ နှစ်တန်းအတွက် စာအုပ်ကတော့ မရှိသေးဘူး။ NUG ကိုပြောထားပေမယ့် အကြောင်းမပြန်သေးဘူး။ မနှစ်က အလှူရှင်ရှင် ရှိတော့ စာအုပ်တွေက အလကားပေးတယ်လေ။ ဒီနှစ်တော့ အလှူရှင် ရှာနေတုန်း” ဟု ပြောသည်။
စစ်ဘေးရှောင် ကလေးများအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ပြန်ဖွင့်ရန် ဇွန်လ (၅) ရက်နေ့ (ယမန် နေ့)က ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇွန်လ (၉) ရက်နေ့မှစတင်၍ ကျောင်းအပ် လက်ခံသွား မည်ဖြစ်ပြီး ဇွန်လ (၁၃) ရက်နေ့တွင် ကျောင်းစဖွင့်မည်ဟု သိရသည်။ သို့သော် အဆိုပါကျောင်းများအတွက် အကူအညီပေးမည့် အလှူရှင်များ လိုအပ်နေသည်ဟု ဆိုသည်။
အလယ်ကယန်းဒေသအတွင်း ယခုဖွင့်မည့် စာသင်ကျောင်းများတွင် CDM ဆရာ/မများက သင်ကြားပေးမည် ဖြစ်ပြီး စစ်ဘေးရှောင် ကလေးများ၏ အဓိကအခက်အခဲမှာ ကျောင်းလခဖြစ်ပြီး ကျောင်းသုံးစာအုပ်၊ ခဲတံ၊ ဘောလ်ပင်နှင့် အခြားလိုအပ်သည့် သင်ထောက်ကူပစ္စည်းများအတွက် မတတ်နိုင်ကြခြင်း ဖြစ်သည်ဟု သိရ သည်။
အလယ်ကယန်းဒေသ ကျောင်းတစ်ကျောင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ကျောင်းလခ တစ်လဆိုရင် မူလ တန်း ၃၀၀၀ ကျပ်၊ အလယ်တန်း ၅၀၀၀ ကျပ်နဲ့ အထက်တန်း ၇၀၀၀ ကျပ်ကျမှာပေါ့နော်။ အဲ့ဒါက စာအုပ်ဖိုး မပါသေးဘူး။ ကျောင်းလခသက်သက်။ အဲ့ဒါကို စစ်ရှောင်တွေက အလုပ်မရှိကြတော့ မတတ်နိုင်ကြဘူး။ အဓိ က သူတို့ကလေး အများကြီးမွေးတာ။ မိသားစုတစ်စုဆိုရင် အနည်းဆုံး ၅ ယောက်အထိ မွေးကြတယ်။ ကျောင်းလခအတွက် တောထဲက အရွက်လေးတွေ ခူးပြီးတော့ လာရောင်းကြတယ်။ အဲဒီကရတဲ့ဟာက သူတို့ စားဖို့လောက်ပဲ ရတယ်။ သူတို့ ကျောင်းလခ ပေးတာတွေက သင်ထောက်ကူ ပစ္စည်းတွေ ပြန်ဝယ်ရတယ်။ အဲ့ ဒါတွေဝယ်လို့ ပိုရင်တော့ CDM ဆရာမတွေကို လစာပြန်ပေးတယ်” ဟု ပြောသည်။
ထိုကျောင်းများတွင် သင်ကြားပို့ချပေးနေသည့် CDM ဆရာ/မများမှာ ယမန်နှစ်က တစ်လလျှင် လစာ ငါးသောင်း ကျပ်သာ ရရှိသည်ဟု သိရသည်။ ထို့ကြောင့် ယခုလာမည့် စာသင်နှစ်တွင် ကျောင်းသားမိဘများက ရန်ပုံငွေ ရှာ ပေးပြီး ကျပ်တစ်သိန်းပြည့်အောင် ထောက်ပံ့ပေးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။
အလယ် ကယန်းဒေသရှိ ကျောင်းသားများက ကျောင်းလခနှင့် ကျောင်းသုံးစာအုပ်များအတွက် ခက်ခဲနေကြပြီး မိုးတွင်းဝတ် ကလေးအင်္ကျီများလည်း လိုအပ်နေသည်ဟု CDM ဆရာမ အချို့က ပြောသည်။
အလယ်ကယန်းဒေသတွင် ဖွင့်လှစ်မည့် ကျောင်းများတွင် သင်ကြားပို့ချပေးမည့် ဆရာ/မ အင်အား လိုအပ်ချက် အရ အထက်တန်းကျောင်းတွင် Grade- 10 ပါဝင်နိုင်ခြင်း မရှိပဲ Grade-9 အထိသာရှိမည်ဟု သိရသည်။
အလယ်ကယန်းဒေသရှိ ကျောင်းများကို တီးကျိတ်ဇုံ၊ ပီကင်းဇုံ၊ ကျေးကတော့ဇုံ ဟူ၍ ဇုံ (၃) ခု ခွဲကာ ဖွင့်လှစ် သွားမည် ဖြစ်ပြီး အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်းနှင့် မူလတန်းကျောင်း (၃၄) ကျောင်း ပါတင်မည်ဟု လတ်တလော အကြမ်းဖျဉ်း ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ယခု ဖွင့်လှစ်မည့် အလယ်ကယန်းဒေသရှိ ကျောင်းသားဦးရေစာရင်းကို မသိရသေးသော်လည်း ဆရာ/မ ဦးရေ မှာ အယောက် (၁၀၀) ကျော်ခန့် ရှိမည်ဖြစ်သည်ဟု သိရသည်။