စစ်ကောင်စီ သတင်းပေး ဆိုသူတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာအုပ်စု သူရဲတောင်ကျေးရွာတွင် စစ်ကောင်စီ သတင်း ပေးဟု နာမည်ကျော်ဇော်နေသူ တစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။
ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်ဇောသူ ဦးစိုး အသက် ၅၀ နှစ်သည် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။
“သူက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မီးရှို့ခံရတဲ့ သူရဲတောင်ကြိုးတံတားကိစ္စမှာ လမ်းပြအဖြစ်ပါ နေတယ်လို့တော့ ကြားရတယ်” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးကပြောသည်။
ဦးစိုးသည် ကင်းရှေ့ကျေးရွာသား တစ်ဦးဖြစ်ပြီး သူရဲတောင်ကျေးရွာသူနှင့် အိမ်ထောင်ကျနေသူ ဖြစ်သည်။
သူရဲတောင်ကျေးရွာ၏ ထီးယက်ပိုင်းရပ် (ဒေသအခေါ်) တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ် ခတ်ခဲ့ခြင်းကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
ဦးစိုး ပစ်သတ်ခံရမှုကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့သည်ကိုမူ လက်ရှိ သတင်းရေး သားနေချိန်အထိ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။
စစ်ကောင်စီ သတင်း ပေးဟု နာမည်ကျော်ဇော်နေသူ ဦးစိုးအား ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက အကြိမ်ကြိမ် သတိပေးခြင်းများရှိခဲ့သည်ဟု အသက် ၅၀ အရွယ် ရွာသားက ပြောသည်။
ဦးစိုးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို လမ်းပြပေးနေသကဲ့သို့ ကျေးရွာအတွင်းရှိ လူငယ် အချို့၏ လှုပ်ရှားဆောင်ရွက်မှုများကို သတင်းပေးသဖြင့် ဖမ်းဆီးခံခဲ့ရသူများလည်းရှိသည် ဟု ရွာသား တစ်ဦး က ပြောသည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင်လည်း သူရဲတောင်ကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်း ဆောင်၏ နောက်လိုက်ဖြစ်သူ ဦးဇော်ဝင်း (ခ) ရခိုင် ဆိုသူလည်း ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။