ရွှေညောင်မှ ဒလန် ဆိုသူ ရာအိမ်မှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့က စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ကြီး နေသူ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ ရပ်ကွက် နယ်မြေ (၁) တွင် နေထိုင်သူ အသက် (၅၂) နှစ်အရွယ်ရှိ စစ်ကောင်စီ သတင်းပေး ဒလန်ဟု ဆိုသူ ရာအိမ်မှူး ဦးကိုကို (ခ) ကိုဂျိုး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူကြောင့် လူငယ်တွေ အဖမ်းခံရတာတွေ ရှိတယ်။ ဒလန်လုပ်ရင်တော့ ဒီ လိုခံရမှာပဲ။ နားတွေ မျက်စိတွေ မကန်းကြနဲ့။ မလုပ်ရလို့ ဘာမှမဖြစ်ဘူး။ ဘယ်အဘကမှလည်း လုံခြုံရေး ယူ ပေးမှာ မဟုတ်ဘူး။ နားမျက်စိ ကန်းနေရင်တော့ ဘောမတွေ ထပ်ကြုံရမှာပဲ။ ကျန်သေးတယ် တချို့တွေ နှုတ် ထွက်ဖို့ နောက်မကျသေးဘူး” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီသတင်းပေး ဒလန်ဟု ဆိုသူ ရာအိမ်မှူးမှာ ဇွန်လ ၆ ရက်နေ့၊ မွန်းလွှဲ နှစ်နာရီ အချိန်တွင် ရပ် ကွက်ဘက်စုံ ခန်းမရှေ့တွင် ထိုင်နေစဉ် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုရာအိမ်မှူးကို အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ္စတိုသေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ သောကြောင့် ညာဘက် ရင်အုံတွင် တစ်ချက်၊ ညာဘက် ဂျိုင်းအစပ်တွင် တစ်ချက် ထိမှန်ခဲ့ပြီး ထိုခန်းမ နေရာ၌ ပင် သေဆုံးသွားသည်ဟု သိရသည်။

စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရပြီး ထွက်‌ပြေးတမ်းရှောင်နေသည့် အမည် မဖော်လိုသူ လူငယ်တစ်ဦးက “ဒလန်လို့ သက်သေပြလို့ မရပေမယ့် ကျနော် ထွက်မပြေးခင်တုန်းက ရဲတွေနဲ့ အိမ်ကိုလာဝိုင်းတော့ သူပါတယ်။ နောက်ကျနော် ရှောင်သွားတော့လည်း အိမ်ကို မွှေရှာတာ သူပါတယ်” ဟု ပြောသည်။

ရာအိမ်မှူး ဦးကိုကို (ခ) ကိုဂျိုး ဆိုသူမှာ ယခင် ၂၀၁၆- ၂၀၁၈ ခုနှစ်များ၌ တောင်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တွင် ကော်မတီဝင် လုပ်ခဲ့ဖူးသူ ဖြစ်ကြောင်းလည်း သိရသည်။

ဦးကိုကို (ခ) ကိုဂျိုးဆိုသူ ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ပွားသည့် နေရာသို့ စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့၊ ရွှေညောင်မြို့ ရဲတပ်ဖွဲ့နှင့် စစ်သားများ ရောက်ရှိလာကြပြီး ၎င်း၏ အလောင်းကို သယ်ဆောင်သွားကြသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရွှေညောင်မြို့သည် စစ်တပ် အခြေစိုက်ရာ မြို့ဖြစ်ကြောင်းနှင့် ဆန္ဒပြသပိတ်များ ဖြိုခွင်းခံရသည့်အချိန်မှစပြီး လူငယ်များ ထွက်ပြေး တိမ်းရှောင်သွားရသောကြောင့် လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံရေး လှုပ် ရှားမှုများ ငြိမ်သက်နေသည့် မြို့ဖြစ်သည်ဟုလည်း မြို့ခံများက ဆိုသည်။