KIA နှင့် စစ်ကောင်စီ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကချင်လွတ်လပ် ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။

“အခုတလောကတော့ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ တပ်မဟာ ၁ နယ်မြေဖြစ်နေတဲ့ ဆွမ်ပရာဘွမ်လမ်းတကြောပေါ့နော အဲဖက်မှာ တိုက်ပွဲကတော့ ဖြစ်တာ မနေ့က ဖြစ်တယ်။ ဒီမနက်လည်း ဖြစ် တယ်လို့ ပြောပါတယ်။ ဆိုတော့ ဆွမ်ပရာဘွမ်ဖက်ကနေ ဒီမြစ်ကြီးနားဖက်ကို ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ယာဉ် တန်းတွေကို လမ်းခုလတ်မှာပေါ့နော မိုင်းခွဲတိုက်ခိုက်တဲ့ အနေအထားရှိပါတယ်။ အဲဒီဖက်မှာ တစ်ချက်ရှိ တယ်။ အဲဒါတစ်ခု နောက်တစ်ခုကတော့ ဟို အင်းတော်ကြီးဖက်မှာပေါ့လေ ကျနော်တို့ တပ်ရင်း ၂၆ နယ်မြေ ဖက်မှာ လည်း စစ်ကောင်စီဖက်ကတော့ ကျနော်တို့ KIA ရှိတဲ့နေရာဖက်မှာ ထိုးဝင်လာလို့ အဲဖက်မှာ ခုခံတိုက်ပွဲ ရှိတာ” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ဆူယန်ကျေးရွာ အနီးတဝိုက်နှင့် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နမ့်မွန်း မြို့နယ် မိုင်းနောင်ကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO က ပြောသည်။

ထို့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ဇွန် ၁၀ ရက်နေ့ က စစ်ကောင်စီနှင့် KIO/KIA တို့ မူဆယ်မြို့နယ် အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေဖက်မှာ စစ်ကောင်စီဖက်က လှုပ်ရှားလာ လို့ ရင်ဆိုင်တိုက်ပွဲဖြစ်တာတွေရှိပါတယ်။ အဲလောက်ပဲရှိပါတယ်။ အဲဖက်မှာလည်း တစ်ဖက်ထိုးစစ်ဆင်တဲ့ တိုက်ပွဲ အနေအထားလောက်တော့ မရှိပါဘူး။ ကျနော်တို့ KIA တပ်ရင်း ၃၆ နယ်မြေဖက်မှာ ဖြစ်ပါတယ်။ မူ ဆယ်မြို့နယ်ရဲ့ အရှေ့ဖက်မှာကျပါတယ်။ နမ့်အွမ်ဒီမာ အဲဖက်မှာ ကျမှာပါ။ မနေ့ကလည်း ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေတော့ မကြားရသေးပါဘူး” ဟု ပြောသည်။

နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီဖက်မှ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIO လှုပ်ရှားရာ ဒေသဖက်သို့ လူသူ လက်နက်အင်အား ဖြည့်တင်းလာ သည့် အနေအထားများကို မတွေ့ရကြောင်း KIO/KIA ကပြောသည်။

စစ်ကောင်စီက အင်အားဖြည့်တင်းမှု မရှိသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA လှုပ်ရှားရာ ဒေသဖက် သို့ ထိုးစစ်အနေအထားဖြင့် ဝင်ရောက်လာမည်ဆိုပါက တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွား လာနိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “စစ်ကောင်စီဖက်က လှုပ်ရှားလာလို့ရှိရင်တော့ တိုက်ပွဲတော့ ဆက်ဖြစ်မှာပဲ။ သူတို့ မလှုပ်ရှားလို့ရှိရင် တော့ ကျနော်တို့လည်း ထိုးစစ်ဆင်တာ မရှိတဲ့အခါကျတော့ တိုက်ပွဲဖြစ်စရာ အကြောင်းတော့ မရှိပါဘူး။ ဒါပေ မယ့် သူတို့ဖက်က လှုပ်ရှားရင်တော့ ရင်ဆိုင်တိုက်ပွဲ ဆက်ဖြစ်ရှိမှာပါ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA တို့အကြား တိုက်ပွဲ များ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာခဲ့နည်းတူ အခြားတိုင်းရင်းသား ပြည်နယ်များတွင်လည်း စစ်ကောင်စီနှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့အတူ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းပေး ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့်လည်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

ဓါတ်ပုံ – the Kachin Net