မောင်းမကန်တွင် ရဲကား မိုင်းဆွဲ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူဟု ဆိုသော လင် မယား ၂ ဦးအား လူတစ်စုက သေနတ်ဖြင့် ပစ်သတ်လိုက်ပြီးနောက် စစ်ဆေးရန်လာသည့် ရဲကား မိုင်းဆွဲ တိုက် ခိုက်ခံခဲ့ရကာ စခန်းမှူးအပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

မောင်းမကန်ကျေးရွာ ကွက်သစ် ၁၃ ရပ်ကွက်တွင် နေအိမ်နှင့်တွဲလျက် လက်ဘက်ရည်ဆိုင်ဖွင့်ထားသူ၊ မူးယစ် ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းများထွက်ပေါ်နေသည့် အသက် ၄၅ နှစ်ခန့်အရွယ် ဦးအောင်မင်းထွန်း နှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးတို့ကို အမည်မသိလူတစ်စုက ဆိုင်ကယ် ၂စီးဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ် ခတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ဇွန်လ ၁၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်တွင် ပစ်ခတ်ခဲ့ရသည့် အဆိုပါ လင်မယားနှစ်ဦးသည် နေရာတွင် ပင် သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

ထို့သို့ ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ် ၂၀ ဝန်းကျင်ခန့် အကြာတွင် စစ်ဆေးရန်လာရောက်သည့် မောင်းမကန်ရဲစခန်းမှ ရဲကားကိုလည်း စနစ်တကျ ကြိုတင်စီစဉ်ပြီး အင်အားပြင်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု Dawei Guerrilla Revolutionary Force- DGRF က ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးကို Dawei Guerrilla Revolutionary Force- DGRF နှင့် Launglone People Defense Force – LLPDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း Dawei Guerrilla Revolutionary Force-DGRF အဖွဲ့က ဇွန်လ ၁၀ ရက်နေ့၊ ညပိုင်းတွင်ပင် သတင်းထုတ်ပြန်ဝန်ခံထားသည်။

“သေနတ်သံတွေကို အရင်ကြားရတယ် သိပ်မကြာဘူး “ဝုန်း” ဆိုပေါက်ကွဲသံကြီး ကြားရတာ။ မြေကြီးပါ တုန် သွားတယ်။ ဆေးရောင်းနေတဲ့ အိမ်မှာဖြစ်တာလို့ ကြားရပေမယ့် သွားမကြည့်ရဲပါဘူး” ဟု အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

သေဆုံးသွားသူ လင်မယားနှစ်ဦး၏ နေအိမ်တွင် WY စိတ်ကြွဆေးပြား ၈၀ ပြား၊ အိုက်စ် ၁၅ တောင့်၊ ဟန်းဖုန်း တစ်လုံး၊ လက်ပစ်ဗုံးနှစ်လုံး၊ ရိုင်ဖယ်ကျည် ၂ တောင့် နှင့် ကျပ် ၁၄၀၀၀၀ (တစ်သိန်းလေးသောင်း) ကျော် ပါသည့် ငွေစက္ကူထုပ် တစ်ထုပ်တို့ကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟု Dawei Guerrilla Revolutionary Force- DGRF က ထုတ်ပြန်ထားသည်။

အဆိုပါ လင်မယားသည် လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးရောင်းချနေသူများ ဖြစ်သည်ဟု ထုတ်ပြန် ချက်ထဲတွင် ပါရှိသည်။

ထို့အပြင် ရဲကားတိုက်ခိုက်ခံရမှု အတွင်းတွင်လည်း ကားအတွင်းလိုက်ပါလာသည့် မောင်းမကန်စခန်းမှူး အပါ အဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးတို့အနက် မောင်းမကန်စခန်းမှူး၊ နယ်ထိန်းတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ မိုင်းဆွဲခံရ မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသူလင်မယားသည် ကျေးရွာအတွင်း မူးယစ်ဆေးဝါးများပေါ်ပေါ်ထင်ထင်ရောင်းဝယ်သူများဖြစ်ပြီး ၎င်းတို့ကို တိုင်တန်း၍ အန္တရာယ်ရှိလာမည်ဆိုပါက ကျေးရွာကို မီးရှို့ပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်လေ့ရှိ ကြောင်း ရွာသားများက ပြောသည်။

မောင်းမကန်ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ပြုလုပ်လေ့ရှိပြီး၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ကျေးရွာနတ်ပူဇော်ပွဲ အကြောင်းပြုကာ ပြုလုပ်သည့် ကစားဝိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခြောက်လှန့် ဗုံးဖေါက်ခွဲခြင်း ခံခဲ့ရဘူးသေးသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်ကလည်း မောင်းမကန်ကျေးရွာက စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ် ရေးမှူး ဦးစံတင်ကို နေအိမ်အနီး ရှိနေစဉ် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က ပစ်သတ်ခဲ့သည်။