သရက်မြို့ ခရိုင်စုပေါင်းရုံး ဒုတိယ အကြိမ် မိုင်းခွဲ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့၏ ခရိုင်စုပေါင်းရုံးနှင့် ထွေအုပ်ရုံးဝန်း ထပ်မံမိုင်းခွဲ တိုက်ခိုက်ခံရသည်ဟု မြို့ခံများနှင့် နီးစပ်သူများက ပြောသည်။

ဇွန်လ ၁ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၁၃ ရက်နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ရုံးပေါင်းစုံနေရာ ပေါက်ကွဲတဲ့ အသံကြားလိုက်တယ်။ သွားမကြည့်ရဲဘူး။ လူနာတင်ကား ဘာညာသွားတာ တော့ မတွေ့သေးဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

မကွေးတိုင်းသရက်ခရိုင် ဇွန်လ ၁၃ ရက်နေ့၊ နေ့လည်၁၂နာရီ ၁၅ မိနစ် အချိန်က သရက်မြို့၏ ခရိုင်စုပေါင်းရုံးနှင့် ထွေအုပ်ရုံးဝန်းနောက် အတွင်းဘက်ကို မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပထမအကြိမ်မှာ မြို့နယ် မီတာရုံးဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ (ယမန်နေ့) တိုက်ခိုက်ခ့ရမှုမှာ ခရိုင်စုပေါင်းရုံးနှင့် ထွေအုပ်ရုံးဝန်း အနောက်ဘက်တွင်ဖြစ်သည်။

ယခု စစ်ဆင်ရေးကို သရက်-ကံမ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ (လင်းယုန်စစ်ဆင်ရေးတပ်ဖွဲ့) က လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ လတ်တလော မသိရသေးဘဲ နောက်ဆုံးအခြေအနေ ကို သတင်းဆက်လက်ထုတ်ပြန်မည်ဟု အဆိုပါ အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ထို စစ်ဆင်ရေးကို ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက်တော်သားများနှင့် မိဘ ပြည်သူများ၏ ပူးပေါင်း ကူညီမှုများကြောင့် အတူပြုလုပ်နိုင်ခဲ့ခြင်းသည်ဟု သရက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ထုတ်ပြန်ချက်ထဲ တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီ၏ အဓိကယန္တရားဖြစ်သည့် စစ်ရေး ပစ်မှတ်များ၊ အုပ်ချုပ်ရေးရုံးများ နှင့် စစ်ကောင်စီ၏ ထောက် တိုင်များကိုသာ မိမိတို့အဖွဲ့က မူဝါဒများနှင့်အညီ အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု သရက်-ကံမ ပြည် သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့ (လင်းယုန်စစ်ဆင်ရေးတပ်ဖွဲ့)က ပြောသည်။

အများပြည်သူဆိုင်ရာ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ အစရှိသည်တို့ကို လုံးဝ တိုက်ခိုက်ခြင်း မပြုပါဟု လည်း ထုတ်ပြန်ပြောဆိုထားသည်။