ထားဝယ်တွင် စစ်ကူလာသော စစ်ကောင်စီကားများကို မိုင်းဆွဲ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကူရန်လာသည့် စစ်ကောင်စီကားများ နှစ်ကြိမ် တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုများရှိခဲ့ သည်ဟု ရွာသားများကပြောသည်။

တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ “နေ့လည် တိုက်ပွဲ စဖြစ်ကတည်းက ရွာသားတွေက ကြောက်ပြီး ဘေး လွတ်ရာပြေး ကုန်ကြတာ။ ရွာမှာ လူမရှိ တော့ဘူး။ သေနတ်သံတွေ အဆက်မပြတ် ဆူညံနေတာ။ မိုင်းခွဲသံလား လက်နက်ကြီးသံလား မသိဘူး။ နှစ်ခါ တောင်ကြားရတယ်” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြော သည်။

ဇွန်လ ၁၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က စော်ဖျားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်စဉ် စစ်ကူလာသည့် စစ်ကားတစ်စီးကို ပထမ အကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ရောင်းမော်ကျေးရွာလမ်းမှ တဆင့် စော်ဖျားကျေးရွာဆီသို့ မြေတင်ကား နှစ်စီးဖြင့် ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တစ်နာရီ နီးပါးခန့်အကြာ နှစ်ဘက်ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး၊ ၉ ဦးခန့် ဒဏ်ရာသွားကာ သေ နတ် ၁ လက်ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ဒုတိယအကြိမ်တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်က ၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ကားများတိုက်ခိုက်ခံရပြီးနောက် ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် အနီးအနား ကျေးရွာ က ရွာသားအများစုက တောတောင်ထဲတွင် ထွက်ပြေးပုန်းရှောင်နေကြသည်ဟု ရွာသားများက ပြောသည်။

ယခုလ ဇွန်လ ၈ ရက်နေ့ကလည်း စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရိက္ခာ သယ် ပို့ ပေးနေသည့် မြေတင်ကားတစ်စီးကို ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များက ကင်းရှေ့ကျေးရွာအနီးတွင် မီးရှို့ ဖျက်စီးခဲ့သည် ဟု သိရသည်။