နိုင်ငံရေး တက်ကြွသူများအား ပုသိမ်ထောင်တရားရုံးက ထောင်ဒဏ်များ ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် အဖမ်းခံထားရသည့် အမျိုးသမီးတစ်ဦးအပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှား သူ ၆ ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံး က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။
အဖမ်းခံထားရသည့် ကို၀င်းထွန်းနိုင်အား ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ-၃၃၂ ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၅ နှစ်၊ ကဗျာဆရာ လူဖန်းခါး(ကိုထက်လင်းစိုး)ကို ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၃၃၂ တို့ဖြင့် နှစ်မှုပေါင်း ၃ နှစ် အမိန့်ချလိုက်သည်ဟု ပုသိမ် တရားရုံး အသိုင်းထံမှ က သိရသည်။
ထို့အပြင် ကိုမင်းသူ၊ ကိုထွဋ်ခေါင်၀င်း၊ ကိုကောင်းသန့် နှင့် မစိုးစန္ဒာကြွယ်တို့ကိုလည်း ပုဒ်မ ၅၀၅-က ဖြင့် ထောင် ဒဏ် ၂ နှစ်စီ ချလိုက်သည်ဟု သိရသည်။
“ထောင်ကျသွားတဲ့ သူတွေက ပုသိမ်က အသက် ၃၇ နှစ် အောက် လူငယ်တွေချည်းပါပဲ။ ဖမ်းတုန်းကတော့ ဆန္ဒ ပြတဲ့သူတွေ ခေါင်းဆောင်တွေဆို ပြီးဖမ်းတာ” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး က ပြောသည်။
၎င်းတို့ ၆ ဦးကို ဇွန်လ ၁၅ ရက်နေ့ က ပုသိမ်အကျဉ်းထောင်တွင် တရားရုံးမှ ထောင်ဒဏ် အသီးသီးချမှတ်လိုက် ခြင်း ဖြစ်သည် ဟုသိရသည်။
ကို၀င်းထွန်းနိုင်အား စစ်ကောင်စီ က ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ဘေးစီမံ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်၂နှစ်၊ ဇွန်လ ၇ ရက်နေ့က ပုဒ်မ ၅၂-က ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ထားပြီး ဖြစ်သဖြင့် လက်ရှိတွင် စုစုပေါင်း ထောင် ဒဏ် ၁၂ နှစ်ကျခံနေရသည်ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦး က ပြောသည်။
ကိုဝင်းထွန်းနိုင် နှင့် ကဗျာဆရာ လူဖန်ခါး အား စစ်ကောင်စီတပ်က ပုဒ်မ ၁၂၂ နှင့် ပုဒ် ၁၂၄ တို့ ဖြင့်လည်း ဆက်လက် တရားစွဲဆိုထားသည်ဟု အဆိုပါ ရှေ့နေက ဆက်ပြောသည်။
အသက် ၆၀ ကျော်ရှိ မြို့ခံတစ်ဦး “လူများများဖမ်းပြမယ်၊ သတ်ပြမယ်၊ ထောင်တွေချမယ် သေဒဏ်တွေချ ပြမယ် ဒါမျိုးက ပြည်သူတွေကို အကြောက်တရားတွေ ဝင်အောင်လုပ်နေတာ” ပြောသည်။
ယခု ထောင်ဒဏ်များ အချခံလိုက်ရသည့် လူငယ် ၆ ဦးကို ၂၀၂၁ ခုနှစ် မတ်လ နှင့် ဇွန်လအတွင်းက စစ်ကောင်စီ ၏ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်မြို့ခံများက အတည်ပြုပြောသည်။
ပုသိမ်ထောင်တွင် ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၃၆၀ ကျော်ရှိနေပြီး အမျိုးသား အမျိုး သမီး စုစုပေါင်း အယောက် ၁၂၀ ခန့်ကို ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်အသီးသီးချထားပြီး ဖြစ်သည်ဟု တရားရေးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။