စက်သုံးဆီဈေးနှင့် အတူ အခြေခံ စားသောက်ကုန်များ ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်။

မြန်မာနိုင်ငံတဝှမ်း စက်သုံးဆီများ ဈေးနှုန်းမြင့်တက်မှုနှင့်အတူ အခြေခံ စားသောက်ကုန်များ ဈေးတက်နေရာ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် အခြေခံ စားသောက်ကုန်များ ဈေးတက်၍ ဈေးသည်များနှင့် ဒေသခံ များ ဒုက္ခရောက်နေကြသည်ဟု သိရသည်။

တောင်ကြီးမြို့ ဘူတာဈေးတွင် ရောင်းချနေသော ဈေးသည် တစ်ဦးက “အရင်ပတ်တုန်းကတော့ ကြက်သွန် တစ် ပိဿာ ၁၅၀၀ ကျပ်ပေါ့။ ဒီနေ့ကျတော့ ၂၀၀၀ ရောင်းမှ ကိုက်တယ်။ ကျနော်တို့က တစ်ဆင့်ပြန်ရောင်းတဲ့ သူ ဆိုတော့ ဈေးကပိုတယ်။ ကြက်သွန်ခြောက်လာတော့ အလေးချိန်လျော့လာတာလည်း ပါတယ်။ ပြီးတော့ ဓါတ် ဆီဈေးပေါ့။ တင်ပို့ရတဲ့ စရိတ်က အရင်ထက် အများကြီး ပိုပေးရတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်သည့် အချိန်မှစတင်၍ စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်စည်ပစ္စည်းများမှာ တရိပ်ရိပ် ဈေးတက်လာခဲ့သည့်အပြင် ယခု ဇွန်လ တတိယအပတ်တွင်လည်း ဓါတ် ဆီဈေးမှာ ကျပ် ၁၀၀ ဝန်းကျင်ခန့် ထပ်တက်လာသည်ဟု တောင်ကြီးမြို့ခံများက ပြောသည်။

ထို့ကြောင့် အခြားကုန်ပစ္စည်းများ၊ စားသောက်ကုန်များ သယ်ယူပို့ဆောင် စရိတ်မှာ မြင့်မားလာပြီး အခြေခံ စား သောက်ကုန်များပါ ဈေးတက်ရခြင်း ဖြစ်သည်ဟု တောင်ကြီးဘူတာစျေးရှိ စျေးသည်များက ပြောသည်။

ဓါတ်ဆီဈေး ဂယက်ကြောင့် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်သွန်နီ အပါအဝင် ဆန်၊ ဆီ၊ အာလူး နှင့် အသားငါး ဈေးနှုန်းများမှာ ဈေးတက်လာခြင်းကြောင့် ဈေးသည်များ အပါအဝင် အိမ်ရှင်မများပါ အခက်တွေ့နေရသည်ဟု ဆိုသည်။

တောင်ကြီးမြို့ပေါ်နေ အိမ်ရှင်မတစ်ဦးက “အရင်ကတော့ တစ်ရက် ၂၀၀၀ လောက်စု နိုင်တာပေါ့။ အခုကတော့ ကြက်ဥတစ်လုံး ၂၅၀၊ ဆန်ကလည်း တစ်ပြည် ၃၀၀ ဆိုတော့ ဘာမှမကျန်တော့ဘူး။ စားအုန်းဆီကလည်း တစ် ပိဿာ ၈၀၀၀ တက်သွားတော့ ဝက်ဆီနဲ့ပဲ ဝယ်စားနေရတယ်။ အမျိုးသား ဝင်ငွေကလည်း တစ်ရက်မှ ၈၀၀၀ ပဲ ရတာလေ။ ဓါတ်ဆီဖိုးက အသွားအပြန် ၃၀၀၀ ကုန်တယ်။ တစ်ရက်ဈေးဖိုး ၅၅၀၀ နဲ့ လောက်အောင် သုံးနေရ တယ်။ စားဖို့တော့ အဆင်ပြေသေးတယ် ဆိုပေမယ့် ရတာနဲ့ သုံးတာက ကွက်တိ ဖြစ်နေတော့ ငွေပိုငွေလျှံ မရှိ တော့ဘူး။ သာရေးနာရေးတွေလည်း မသွားနိုင်တော့ဘူး” ဟု ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့ပေါ်တွင် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်တစ်ပြည်လျှင် ယခင်က ၂၅၀၀ ကျပ်မှ ယခု ၃၀၀၀ ကျပ်၊ စားအုန်းဆီ ယခင်က ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၈၀၀ ကျပ်မှ ယခု ၁၃၀၀ ကျပ်၊ ဝက်သား ယခင် ၁၄,၀၀၀ ကျပ်မှ ယခု ၁၆,၀၀၀ ကျပ်၊ ကြက်သား တစ်ပိုင်းလျှင် ၄,၀၀၀ ကျပ်မှ ယခု ၄,၅၀၀ ကျပ် အထိ ဈေးတက်လာခြင်းဖြစ်သည်ဟု ဇွန်လ ၂၀ ရက်နေ့ ဈေးနှုန်းများအရ ဈေးသည် အချို့ထံမှ သိရသည်။

လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် အခြေခံစားသောက်ကုန်များ ဈေးတက်လာသော်လည်း ဝန်ထမ်းလစာနှင့် အောက်ခြေ လက်လုပ်လက်စား အလုပ်သမားများ၏ တစ်ရက် လုပ်အားခမှာ တိုးမြင့်လာမှု မရှိသေးဟု သိရသည်။

အခြေခံစားသောက်ကုန်များ နေ့စဉ်နှင့်အမျှ ဈေးတက်နေရခြင်းမှာ စက်သုံးဆီဈေးများ မြင့်တက်လာခြင်း ကြောင့် ဖြစ်ပြီး ယင်းစက်သုံးဆီ ဈေးမြင့်ရခြင်းမှာ ကမ္ဘာ့ တဝှမ်း စက်သုံး ဆီဈေးများ တက်နေခြင်းအပြင် စစ်ကောင်စီအုပ်စုမှ ဒေါ်လာများ ချုပ်ကိုင်ထားခြင်း ကြောင့် စက်သုံးဆီများ တင်သွင်းရာတွင် ငွေပေးချေရန် နှောင့်နှေးကြန့်ကြာ နေခြင်းကြောင့် ဖြစ်သည်ဟု သတင်းအရင်းအမြစ်များထံမှ သိရသည်။