သထုံမြို့နယ်အတွင်း ကျေးရွာ တစ်ရွာကို စစ်ကောင်စီ မီးရှို့၊ လူထောင်ချီ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
မွန်ပြည်နယ်၊ သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စုထဲက ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် အပြင် ဒေသခံပြည်သူ ထောင်နှင့်ချီလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ထုံးဘိုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ရက်တွင် ယခုကဲ့သို့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
”ထုံးဘိုလေးရွာဘက်ကို စစ်တပ်တွေ အလုံးအရင်းနဲ့ တက်လာပြီး ရွာကို မီးရှို့တာ။ ရွာလုံးကျွတ် ထွက်ပြေးနေရ တယ်။ ရွာ မီးရှို့ခံထားရတဲ့ အခြေအနေကိုတော့ အတိအကျ မသိသေးဘူး တရွာလုံး ကုန်သွားပြီးလား ဆိုတာ တော့လေ။ အခုက ဘယ်သူမှလည်း ပြန်မကြည့်ရဲသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်က ထုံးဘိုကျေးရွာကို စတင် မီးရှို့ခဲ့ပြီး ဇွန် ၂၆ ရက် နေ့၊ နံနက်ပိုင်း အထိ မီးလောင်နေသည်ဟု ရွာသားများက ပြောသည်။
ရွာလုံးကျွတ်ထွက်ပြေးနေရသည့်အတွက် အခြေအနေကို ခပ်လှမ်းလှမ်းမှသာ မြင်နေရသည့်အတွက် အိမ်အလုံး ရေမည်မျှ မီးရှို့ဖျက်ဆီးခံလိုက်ရသည်ကိုမူ အတိအကျ မသိရှိသေးဘူးဟုလည်း ဒေသခံများက ပြောသည်။
သထုံမြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစုက စစ်ကောင်စီတပ်ကို အကောင်းဆုံး ရင်ဆိုင်တိုက်ခိုက်ခဲ့ သော် လည်း လက်နက်ခဲယမ်းလုံလောက်မှုမရှိသည့်အတွက် စစ်ကောင်စီစစ်ကြောင်း တိုးဝင်လာနိုင်ခဲ့ပြီး ယခုကဲ့သို့ ကျေးရွာ မီးရှို့ခံရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထုံးဘိုကျေးရွာကို မီးရှို့လိုက်သည့်အပြင် အနီးအနားရှိ ကျေးရွာများကိုလည်း လက် နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စော အဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာ အစရှိသည့် ကျေးရွာအသီးသီးရှိ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်း ရှောင်နေကြရသည်။
ထုံးဘိုလေးကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းလည်း မီးရှို့ခံထားရသည် ဟု KNU ထုတ်ပြန်ထားသည်။
သထုံမြို့နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့နေသည့်အပြင် စစ်ကြောင်းထိုးလာသည့် အတွက် KNU ပူးပေါင်းတပ်ဖွဲ့နှင့် စစ်တပ်အကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်ဟု KNU က ထုတ်ပြန်ပြောဆိုထားသည်။
ထို့အပြင် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်၍ ပြင်းထန်လာနိုင်သည်ဟု KNU က ထုတ်ပြန်ထားသည်။