စစ်ကောင်စီ စစ်ဆေးရင်း သေဆုံးသွားသူ၏ ရုပ်အလောင်းအား မိသားစုပြန်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့ အနီးရှိ ကညင်တောင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဖမ်း ဆီးစစ်ဆေးစဉ် သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုထံပြန်မပေးဘဲ သင်္ဂြိုလ်လိုက်သည် ဒေသခံများက ပြောသည်။
ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စု၊ အလယ်ကျေးရွာတွင် နေထိုင်သူ အသက် ၄၅ နှစ်ဝန်းကျင်ရှိ အုန်းပင် တက် လုပ်သား ဦးဝင်းဘို အား ငရုတ်ကောင်း နယ်မြေ ရဲစခန်းတွင် စစ်တပ်က စစ်ဆေးစဉ် သေဆုံးသွားခြင်း ဖြစ် သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ရဲစခန်းမှာ စစ်သားတွေ နှိပ်စက်လို့ သေသွားပြီဆိုတာ အခုမှသိရတာပါ။ မိသားစုကို အလောင်းပြန် မပေးဘူး စစ်တပ်နဲ့ရဲက သူတို့ဖာသာ သင်္ဂြိုလ်လိုက်ကြတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။
သာမန်ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းဘိုအား PDF နှင့် ပတ်သတ်သည်ဟု စစ်တပ်က စွပ်စွဲ ဖမ်းဆီးနှိပ်စက် စစ် ဆေးရာ လွန်ခဲ့သော ၃ ရက် (ဇွန်လ ၂၃ ရက်နေ့) ခန့်က သေဆုံးခဲ့သည်ကို မိသားစုဝင်များက ဇွန်လ ၂၆ ရက်နေ့ မှ သိရရှိခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
မိသားစုအား အလောင်းပြန် မပေးဘဲ တိတ်တဆိတ် သင်္ဂြိုလ်လိုက်ခြင်းဖြစ်ရာ မည်ကဲ့သို့သော ဒဏ်ရာများရပြီး သေဆုံးရသည်ကို မသိရသော်လည်း စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွားခြင်း ဖြစ်သည်ကိုမူ အတည်ပြု ၍ ရသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
ဦးဝင်းဘိုကို ဒေသခံ စစ်တပ်၊ ရဲသတင်းပေး ဒလန်တစ်ဦးက လုပ်ကြံသတင်းပေးပို့ တိုင်ကြားသဖြင့် ငရုတ် ကောင်းတွင် စခန်းချထားသည့် စစ်ကောင်စီတပ်က ဇွန်လ 2၃ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ရွာခံ အချို့က အတည်ပြုပြောသည်။
ဧရာဝတီ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တစ်ဦးက “စစ်တပ်က လူသတ် အလောင်းဖျောက်တဲ့ အလုပ်ကို လုပ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာပဲ” ဟု ပြောသည်။
ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့အကြား ငရုတ်ကောင်းမြို့အနီး စမ်းချောင်းဖျားနှင့် ဆင်ငံကျေးရွာအကြား ကညင်တောင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ အမျိုးသမီး ၅ဦး အပါအဝင် ရွာသား ၁၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ စမ်းချောင်းကျေးရွာက ရွာသားတစ်ဦးကိုလည်း ဖမ်းဆီး နှိပ်စက် စစ်ဆေးရာမှ သေဆုံးသွားခဲ့သော်လည်း တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု စစ်ကောင်စီတပ်က လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။