တံတားဂိတ် ပစ်ခတ်မှု စစ်သား ၁ ဦး ပျူစောထီး ၅ ဦးသေဆုံးဟု ရေးဘီလူးအဖွဲ့ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း တံတားဂိတ် တစ်ခု ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးသွားသည်ဟု ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အစင်ကျေးရွာအဝင် တံတားဂိတ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးနှင့် ပြည်သူ့စစ် ၅ ဦး သေဆုံးကာ လက် နက် ၃ လက် သိမ်းယူနိုင်ခဲ့သည်ဟု လည်း ရေဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“အစင်ကျေးရွာမှာရှိတဲ့ ပျူစောထီးအုပ်စု လမ်းစစ်ဆေးရေးအဖွဲ့ကို ကျနော်တို့ ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဝင်ရောက်ပစ်ခတ်ရာမှာ သူတို့ဘက်က စစ်သားတစ်ယောက်ပါတယ် ကျန်တဲ့ လေး ယောက်က ပျူစောထီးအဖွဲ့ဖြစ်ပါတယ်။ သွေးသောက်အဖွဲ့လို့လည်း အပြင်မှာ နာမည်ထွက်တဲ့ အဖွဲ့ဖြစ်ပါ တယ်။ သူတို့ဘက်က လက်နက်တွေကိုလည်း ကျနော်တို့ သိမ်းဆည်းရသလောက် သိမ်း ဆည်းလာခဲ့တာ ဖြစ်ပါ တယ်” ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။

အစင်ကျေးရွာအဝင် တံတားဂိတ်ကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေးဘီးလူးအဖွဲ့က ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့မှ ဟုဆိုကာ ဂိတ်မှ ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို ငွေကြေးကောက်ခံနေသည့် အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ်သည်ဟုလည်း ရေးဘီးလူးအဖွဲ့က ဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အစင်ကျေးရွာအား ယနေ့အချိန်ထိ လုံခြုံရေးတင်းကြပ်ထား ပြီး အခင်းဖြစ်ပွားပြီး နောက်တစ်ရက် ဇွန်လ ၂၈ ရက်နေ့အထိ ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

”အစင်မှာရော ရေးမှာရော စစ်ဆေးမှုတွေ တင်းကြပ်ထားတယ်။ ဖမ်းဆီးစစ်ဆေး ခံနေရတာလည်း ရှိတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့အထိလည်း အစင်ကျေးရွာနှင့် ရေးဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသေးသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

အလားတူ ဇွန်လ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့တို့တွင်လည်း ရေးမြို့နယ်အတွင်းက ဒလန်ဆိုသူ နှစ်ဦးကို ရေးဘီး လူးအဖွဲ့က ပစ်သတ်ခဲ့သည်။

ရေးဘီးလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Non CDM အရပ်သားဝန်ထမ်းများ နှင့် စစ်ကောင်စီ သတင်းပေး ဒလန် ဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီတပ်ဘက်လည်း ရေးဘီးလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးပေး မည်ဟု ထုတ်ပြန်ထားသည်။