မြန်အောင် နယ်မြေခံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

ဧရာဝတီတိုင်း၊ နယ်မြေခံရဲစခန်းတစ်ခုမှ ရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံ ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ အမှတ် ၂ ရပ်ကွက်အတွင်းက လမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်မြေခံရဲစခန်းမှ ရဲတပ် သား ဇော်ဇော်ထက် ဆိုသူ ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် အပစ်ခံလိုက်ရခြင်း ဖြစ်သည် ဟု ကနောင်မြို့ခံများက ပြောသည်။

“ရင်ဘတ်မှာ သေနတ်ဒဏ်ရာ နှစ်ချက်တွေ့တယ်။ စိုးရိမ်ရတယ်။ အခုကတော့ မြန်အောင်ဆေးရုံမှာပဲ ကုနေ တယ်” ဟု မြန်အောင်ဆေးရုံက ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါရဲတပ်သားကို နဂါးနီတော်လှန်ရေးတပ်ဖွဲ့ (မြန်အောင်မြို့နယ်) က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

ဆိုင်ကယ်စီးနေသည့် ရဲတစ်ဦးကိုတွေ့သဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ ရဲသည် ဒဏ်ရာများနှင့် ရပ်ကွက် အတွင်း ပြေး ဝင်သွားသဖြင့် နောက်မှထပ်မံလိုက်ခဲ့ရာ ပြည်သူများထွက်လာပြီး ထိခိုက်မည်ကို စိုးရိမ်သဖြင့် ထိုရဲကို လွတ်ပေး လိုက်ခြင်း ဖြစ်သည်ဟု နဂါးနီတော်လှန်ရေးတပ်ဖွဲ့ (မြန်အောင်မြို့နယ်)က ထုတ်ပြန်ထားသည်။

ထို့သို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်အား ပစ်ခတ်မှုအပြီး ရဲစခန်းရှေ့တွင် ကင်းသမား စာအုပ်ဖတ် နေ သည်ကို တွေ့သဖြင့် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ရန် လုပ်နေစဉ် အမျိုးသမီး တစ်ဦး၏ အော်သံကြောင့် စခန်း အတွင်းရှိ ရဲများသိသွားပြီး နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နဂါးနီတော်လှန်ရေးတပ်ဖွဲ့ (မြန်အောင်မြို့နယ်) တာဝန်ရှိသူတစ်ဦးက “လက်နက်ရော လူရော အင်အား မမျှ ဘူးလေ။ ရဲတွေ ဝိုင်းပစ်နေတဲ့ကြားက အောင်မြင်စွာ ဒဏ်ရာမရပဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း ကနောင်၊ မြန်အောင်၊ ကြံခင်းမြို့များရှိ လမ်းများကိုပါ ပိတ်ဆို့ကာ ခရီး သွားပြည်သူများ၊ ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက တားဆီး စစ်ဆေးမှု များ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူလူထု အနေဖြင့် စစ်ကောင်စီ စစ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်သားများအနီးနှင့် ၎င်းတို့၏ စခန်းများတွင် ပေါက်ကွဲပစ်ခတ်သံများကြားပါက စုဝေးကြည့်ရှုနေခြင်းမျိုးများ မလုပ်ကြရန်နှင့် တော်လှန်ရေး အဖွဲ့ဝင်များကိုတွေ့ရှိပါက တတ်နိုင်သမျှ အကူအညီပေးကြပါရန်လည်း နဂါးနီတော်လှန်ရေးတပ်ဖွဲ့ (မြန်အောင် မြို့နယ်)က မေတ္တာရပ်ခံထားသည်။