စစ်ကောင်စီ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်များ တိုက်ခိုက်သဖြင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်း တပ်ဖွဲ့တို့အကြား ပူးပေါင်း တပ်တို့ အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးများ ရှိနေသည်ဟု ချင်း ကာကွယ်ရေး တပ်ဖွဲ့ CDF မတူပီ အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့နယ်ဘက်မှ မတူပီမြို့နယ်ဘက်ကို တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းအမျိုးသား တပ်မတော် CNA၊ ချင်း ကာကွယ်ရေး တပ်ဖွဲ့ CDF-မတူပီ၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF-Zotung ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ရာမှ နှစ်ရက် ဆက် တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု CDF မတူပီအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“မနေ့က မနက်အစောကြီး ၆ နာရီမှာ တိုက်ပွဲဖြစ်တယ်။ အမ်လိုင်းကျေးရွာမှာ ညအိပ်တဲ့ စစ်ကောင်စီတွေကို ကျနော်တို့ CDF မတူပီတွေ၊ ပြီးတော့ ဇိုထန်၊ CAN ကျနော်တို့ မဟာမိတ်တွေပဲ ပူပေါင်းပြီး အဲ့နေရာကို ဝင်စီး တော့ တိုက်ပွဲဖြစ်သွားတယ်။ စစ်တပ်က ၂ ယောက်ကျဆုံးသွားပြီးတော့ ၃-၄ယောက် ဒဏ်ရာ ရရှိတယ်။ သူတို့ အိပ်တဲ့နေရာကို ဝင်စီးတာဆိုတော့ ထိခိုက်မှုတော့ တော်တော်လေးရှိတယ်လို့ သုံးသပ်လို့ရတယ်။ ဒီနေ့က တနေ ကုန်မဖြစ်တော့ဘူး။ အဲ့မှာပဲ ဆက်နေပြီးတော့ အခုညနေပိုင်း ၁ နာရီလောက်မှာ စထွက်တယ်။ သူတို့တပ်ဖြန့် ပြီးတော့ ထွက်လာတယ်။ အဲ့ဒီအခြေအနေတော့ ရှိတယ်။”
ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်က အမ်မိလိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CNA၊ CDF-မတူပီ၊ CDF-Zotung ပူးပေါင်း တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦး သေ ဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု CDF မတူပီအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့တွင်လည်း နှစ်ဖက်ကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။ ထိုနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဲန်ခဲန်းကျေးရွာဘက်ကို တပ်ဆုတ်ခဲ့ပြီးနောက် ပြည်သူလူထူ၏ နေအိမ် ၃ လုံးကိုလည် မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF မတူပီက ထုတ်ပြန်ထားသည်။
“၆ ရက်နေ့က မနက်ပိုင်းတစ်ကြိမ်ဖြစ်တယ်။ ညနေပိုင်းမှာလည်း ထပ်ဖြစ်တယ်။ စစ်ရေးလှုပ်ရှားမှုက သူတို့က အမ်လိုင်းကျေးရွာမှာ ညအိပ်တာပေါ့။ ဒီနေ့ တစ်နာရီကျော်ကျော်လောက်မှာ ထွက်သွားတာ။ တပ်ဖြန့်ပြီးတော့ သူတို့ ဘယ်ဖက်ကို ဦးတည်မလဲမသိဘူး။ ပလက်ဝလမ်းဖက်ကို ဦးတည်မှာမလား ဒါကို စုံစမ်းနေတာပေါ့နော်။ သူတို့အင်အားက လိုင်လင်းမီဘက်က တက်လာတဲ့အင်အားကတော့ ၆၀ လောက်ရှိတယ်။ ဒီဘက် မတူပီဘက်က နေတော့ အင်အားက ၁၀၀ ကျော်လောက်ရှိတယ်။ သူတို့အချိတ်အဆက်လုပ်ပြီး တက်လာတာတွေ ရှိတယ်။ သုံး ကြောင်း လေးကြောင်းလောက် တပ်ဖြန့်နိုင်တယ်။ ဘယ်ဘက်ကို သွားတယ်ဆိုတာ အတိအကျပြောလို့ မရသေး ဘူး” ဟု CDF မတူပီအဖွဲ့ တာဝန်ရှိသူက ပြောသည်။
CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၈ ရက်နေ့၊ နေ့လည်ပိုင်း အချိန်ခန့်တွင် အမ်မိလိုင်းကျေးရွာမှ စတင်တပ်ဖြန့်ပြီး ထွက်ခွားသွားသည်ဟု သိရသည်။ သို့သော် မည်သည့် ဒေသဘက်ကို ဦးတည်သွားနေသည်ကိုမူ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက် စုံစမ်းစောင့်ကြည့်နေ သည် ဟု ပြောသည်။
မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က လမ်းကြောင်း နှစ်ခုထက်မက ခွဲပြီး လူအင်အားဖြည့် တင်းမှုများ ရှိနေပြီး ယခုရက်ပိုင်း CNA၊ CDF-မတူပီ၊ CDF-Zotung ပူးပေါင်းတပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်မှာ မတူပီ အခြေစိုက် ခလရ ၃၀၄ တပ်ရင်းက ဖြစ်သည်ဟု CDF မတူပီ တာဝန်ရှိသူများက ပြောသည်။
ယခုရက်ပိုင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ဒေသခံ ချင်းတပ်ဖွဲ့များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ သည်ဟု ဆိုသည်။ သို့သော် ခလရ ၃၀၄ တပ်ရင်း ဘက်တွင် အကျအဆုံး ဒဏ်ရာရရှိသူများ ရှိခဲ့သည့်နောက် ဒေသခံပြည်သူများ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်ူများ ရှိနေသည့်အတွက် အနီးအနားဝန်းကျင်က ရွာသားများကို ချင်းပူး ပေါင်းတပ်ဖွဲ့များက ဘေးလွတ်ရာကို တိမ်းရှောင်ခိုင်းထားရသည်ဟု သိရသည်။
မတူပီမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများအနေဖြင့်လည်း မိုးတွင်းကာလ ရာသီဥတု ဆိုးရွားနေသည့် အတွက် တောတောင်များထဲ စစ်ရှောင်နေချိန်တွင် စားဝတ်နေရေး၊ ကျန်းမာရေး အစစအရာရာ အခက်အခဲများ နှင့် ရင်ဆိုင် နေရသည်ဟု သိရသည်။
ဓါတ်ပုံ – Chinland Defense Force Matupi