မြိတ်-ထားဝယ် ခရီးသည်တင်ကား မိုင်းထိ၊ ခရီးသည် လေးဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
မြိတ်မြို့မှထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ရွှေဝယ်မင်း ခရီးသည်တင် မှန်လုံကားတစ်စီး မိုင်းစထိမှန်ပြီး ယာဉ်နောက်လိုက်အပါအဝင် ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ခရီးသည် အယောက် နှစ်ဆယ်ခန့် လိုက်ပါလာသည့် ရွှေဝယ်မင်း မှန်လုံကား ပုလောမြို့နယ် ပဝကုန်း ကျေးရွာ အနီးတွင် မိုင်းစထိမှန်ခဲ့ခြင်း ဖြစ်သည်။
“ဂျိမ်း ဆိုပြီး ပေါက်ကွဲကြားရတာနဲ့ ကြောက်ကြောက်နဲ့ ရော်ဘာ စေးခွက် သန့်ရှင်းရေးလုပ်နေရာကနေ သွား ချောင်းကြည့်မိတာ တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်း ပြင်းထန်လို့ အရေးပေါ်လူနာတင်ကားနဲ့ ပုလော ပြည် သူ့ဆေးရုံ ပို့ပေးလိုက်တာ တွေ့ရတယ်” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံတစ်ဦး က ပြောသည်။
ဇူလိုင် ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က အဆိပါ ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံးကားမှာ ပဝကုန်းကျေး ရွာ အနီးတွင် မိုင်းစထိမှန်ခဲ့ခြင်း ဖြစ်သည်။
ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ကျန်းမာရေးအတွက် လမ်းဘေးတစ်နေရာတွင် ခဏရပ်နားနေစဥ် ကားအနီးနားရှိ မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ မိုင်းစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကားအရှေ့ ဝင်ပေါက်တံခါးမှန်လည်း ထိခိုက်ပျက်စီးသွားသည် ဟု သိရ သည်။
ရွှေဝယ်မင်းကားအနီး မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ဟု လက်ရှိ အချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
ထို့အပြင် ရွှေဝယ်မင်းကား အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီ အချိန်ခန့်ထိ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။
ပုလောမြို့နယ်အတွင်း မြိတ်-ထားဝယ် ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိ သည်။